တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးစာချုပ် (NCA) အား လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့၏ ထိပ်သီးညီလာခံကို ယခုလအတွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့၏ ထိပ်သီးညီလာခံကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ မတ်လ ၂၄ ရက်မှ ၂၆ ရက် အထိ ၃ ရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး၊ NCA ပါ အချက်အလက်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးကြရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြမည် ဖြစ်သည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်က “အဓိကတော့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအနေအထားတွေနဲ့ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေကို သုံးသပ်ကြမယ်။ NCA ကို အကောင်အထည်ဖော်တဲ့အခါမှာ အစိုးရသစ်နဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ ဆိုတာတွေကိုပဲ ဆွေးနွေးသုံးသပ်ကြမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
NCA လက်မှတ် ရေးထိုးထားသည့်အဖွဲ့များမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း ( RCSS/SSA )၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KPC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ ဖြစ်သည်။