ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း ယခု ရက်ပိုင်း အတွင်း ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံ ၁၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရသည်ဟု သိရသည်။
တိုက်ပွဲများသည် မတ်လ ၆ ရက်နေ့ မှ စတင်ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင် ဒုက္ခသည်များသည် ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေး ကျေးရွာတွင် ၂၅၀ ကျော်နှင့် နမ့်ဖက်ကာမြို့နယ်တွင် ၅၀၀ ကျော်တို့ ရောက်ရှိနေကြောင်း၊ တချို့ စစ်ဘေးရှောင်များမှာမူ တောထဲတွင် ပုန်းနေရကြောင်းကိုလည်း တအာင်း ကျောင်းသားနှင့် လူငယ် များအဖွဲ့ (TSYU) မှ အဖွဲ့ဝင် မိုင်းမျိုးအောင်က ဧရာဝတီသို့ ပြောသည်။
“အခုလောက်ဆို ဒုက္ခသည်တွေ ၁၀၀၀ နီးပါး ရှိနိုင်တယ်။ အဲဒီဘက်မှာ လွန်ခဲ့တဲ့ ၃၊ ၄ရက်က ဖြစ်တဲ့ တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေပါ။ ဒုက္ခသည်တွေအတွက် အဓိက အိပ်ဖို့ အခင်းတွေ၊ စောင်တွေ လိုအပ်တယ်။ ပြီးတော့ လက်တလော စားဖို့သောက်ဖို့ ရှိပေမယ့် ပြန်သွားရင်တော့ အခက်အခဲဖြစ်နိုင်ပါတယ်။ ရေရှည်အတွက် စားသောက်ဖို့ အဆင်မပြေဘူး” ဟု မိုင်းမျိုးအောင်က ဆိုသည်။
ထွက်ပြေးလာသည့် စစ်ဘေးရှောင် ဒုက္ခသည်များသည် ကွတ်ခိုင်မြို့နယ်၊ ငေါ့ငါးကျေးရွာ၊ ကျုံနန် ကျေးရွာ နှင့် မန်တုံကျေးရွာတို့တွင် နေထိုင်သူများဖြစ်ကြောင်း၊ တိုက်ပွဲများသည် လက်ရှိအချိန်ထိ အရှိန်မြှင့်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသေးကြောင်းလည်း မိုင်းမျိုးအောင် က ပြောသည်။
TNLA မှ အထွေထွေ အတွင်းရေးမှူး တာဘုန်းကျော်က “တိုက်ပွဲတွေ မလိုအပ်ဘဲ အရှိန်မြင့်နေတယ်လို့ ကျနော် ပြောလို့ရပါတယ်။ အခု တိုက်ပွဲ ဖြစ်နေတဲ့နေရာမှာဆိုရင် တကယ်ကို ရဟတ်ယာဉ်တွေ သုံးပြီး တိုက်နေတယ်” ဟု ပြောသည်။
ယနေ့ နေ့လည် ၁၂ နာရီတွင်လည်း ကျောက်မဲမြို့နယ်၊ ပန်လောကျေးရွာနှင့် ပါလိုင်ကျေးရွာကြား မြန်မာတပ်မတော်သည် စစ်လေယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း၊ ထိုနည်းတူ နေ့လည် ၂ နာရီတွင် နမ့်ဆန်မြို့နယ် ပန်တောင်းကျေးရွာ အနီးတွင်လည်း တိုက်ပွဲပြင်းထန်နေသည်ဟု တာဘုန်းကျော်က ပြောသည်။
ရှမ်းမြောက်ပိုင်းရှိ TNLA နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရသည်ဟုဆိုကာ ထိုနယ်မြေအား အစိုးရတပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်မည် ဖြစ်၍ ထိုနယ်မြေများမှ TNLA နှင့် RCSS/SSA နှစ်ဘက်စလုံးမှ တပ်များဆုတ်ခွာရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလက သတိပေးထားသည်။
အစိုးရတပ်နှင့် TNLA တို့ကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင် စသည့်မြို့နယ်များ၌လည်း ယခု လဆန်းပိုင်းမှစ၍ တိုက်ပွဲများ နေ့စဉ်လို ဖြစ်ပွားလျက်ရှိ ကြောင်း TNLA ၏ ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။
အစိုးရတပ်များသည် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ TNLA တပ်များ လှုပ်ရှားရာ နမ္မတူ၊ နမ့်ဆန်၊ ကျောက်မဲ စသည့်မြို့နယ် များသို့ ဖေဖော်ဝါရီလ ၂၃ ရက်မှ စ၍ တပ်အင်အား အလုံးအရင်း နေရာယူထားကြောင်း သိရသည်။