မြန်မာနိုင်ငံတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် ဂျပန်အစိုးရက စက်မှုလုပ်ငန်းများ ပညာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အဖွဲသစ်တခုကို မတ်လ ၁၁ ရက်နေ့ တွင် တည်ထောင်ရန် စီစဉ်နေ ကြောင်း ဂျပန်သတင်းဌာန Nikkei Asian Review က ဆိုသည်။
သတင်းအရ ဂျပန်နိုင်ငံ နာမည်ကျော် ကုမ္ပဏီများဖြစ်သည့် Mitsubishi ၊ Hitachi နှင့် တိုကျိုတက္ကသိုလ်တို့ကဲ့သို့သော ပညာရေး အဖွဲ့အစည်းများ အပါအဝင် စီးပွားရေးလုပ်ငန်း နှင့် အဖွဲ့အစည်း ၆၀ ခန့် ပါဝင်ကြမည်ဟုလည်း သိရသည်။ အဖွဲ့၏ ရည်ရွယ်ချက်မှာ အလားအလာကောင်းသည့် မြန်မာလူငယ် များကို ဂျပန်နိုင်ငံတွင် ပညာသင်ကြားရေးနှင့် အလုပ် လုပ်ကိုင်နိုင်ရေးအတွက် ဆွဲဆောင်ရန် ဖြစ်သည်။ နောက်ပိုင်းတွင် အဆိုပါ လူငယ်များက အလျှင်အမြန် တိုးတက်လာ နေသည့် မြန်မာနိုင်ငံ၏ စီးပွားရေးတွင် ဂျပန်ကုမ္ပဏီများကို အထောက်အကူ ပေးနိုင်မည် ဖြစ်သည်။
အဆိုပါအဖွဲ့က ယခုနှစ်ကုန်ပိုင်း၌ မြန်မာနိုင်ငံတွင် ရှင်းလင်း ပြသရန် စီစဉ်နေပြီး စိတ်ပါဝင်စားသူများကို ဂျပန် နိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ နာမည်ကျော်ကျောင်း များဖြစ်သည့် ရန်ကုန်တက္ကသိုလ် နှင့် ရန်ကုန် နည်းပညာတက္ကသိုလ်တို့မှ ထူးချွန်သည့် ကျောင်းသားများကို ရှာဖွေဖော်ထုတ်နိုင်ရန် ရည်ရွယ်သည့် အလုပ် သင် အစီအစဉ်များကိုလည်း ပြုလုပ်သွားမည်ဟု သိရသည်။
ထို့ပြင် ၎င်းတို့က မြန်မာနိုင်ငံမှ ကုန်သည်ကြီးများ အသင်းနှင့် ဂျပန်နိုင်ငံတွင် ပညာသင်ကြားဖူးသူများနှင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ပညာသင်ယူခဲ့သူများ၏ စာရင်းကို ပြုစုနိုင်ရန်လည်း စီစဉ်နေသည်။
ဂျပန်သည် ရွေးကောက်ပွဲအပြီး တက်လာသည့် ဒေါ်အောင်ဆန်းစုကြည်ဦးစီးသည့် အစိုးရသစ်လက်ထက် မြန်မာနိုင်ငံနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံနိုင်ရေး ခြေလှမ်းပြင်လျက်ရှိသည်။ ၂ နိုင်ငံကြားတွင် စက်မှုလုပ်ငန်း၊ ပညာရေး နှင့် ပုဂ္ဂလိက ကဏ္ဍများ၌ ဆက်ဆံရေးပို၍ နက်ရှိုင်းလာသည့်အခါ ဂျပန်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် စီးပွားရေးအခွင့် အလမ်းသစ်များ ရှာဖွေရာတွင် အထောက်အကူဖြစ်စေလိမ့်မည်ဟု ဂျပန်အစိုးရက မျှော်လင့်ထားသည်။