အောင်မြင်တဲ့ အနုပညာရှင်တွေရဲ့ အချစ်ရေးကို သူတို့ကို ချစ်တဲ့ ပရိသတ်တွေက စိတ်ဝင်စားကြတာမဆန်းပါဘူး။ အဲ့ဒီထဲကမှ မိတ်ကပ်ခင်စန်းဝင်းရဲ့ အချစ်ရေးဆိုရင်ရော ပရိတ်သတ်ကြားမှာ ပိုပြီး စိတ်ဝင်စားကြလိမ့်မယ် ထင်ပါတယ်။
ဘာကြောင့်လည်းဆိုတော့ သိပ်မကြာသေးခင်ကာလလောက်က အွန်လိုင်းဖေ့စ်ဘုတ်စာမျက်နှာတွေမှာ မိတ်ကပ် ခင်စန်းဝင်းနဲ့ မော်ဒယ်လ်သရုပ်ဆောင် အမျိုးသားတဦးရဲ့ အချစ်ဇာတ်လမ်းက ပရိတ်သတ်များအကြား ထိုးဖောက် ဝင်ရောက်ခဲ့ပါသေးတယ်။
အဲ့ဒီလို ဝင်ရောက်လာခဲ့ပြီး စိတ်ဝင်စားခြင်းခံခဲ့ရတဲ့ မိတ်ကပ်ခင်စန်းဝင်းရဲ့အချစ်ဇာတ်လမ်းအကြောင်းကို ဆည်းဆာရိပ်သာပဒေသာကပွဲမှာပါ ကပြဖျော်ဖြေတော့မှာပါတဲ့။ ဒီပြဇာတ်မှာ မိတ်ကပ်ခင်စန်းဝင်းနဲ့အတူ အမျိုးသားမော်ဒယ်လ် ၁၂ ဦးတို့က ပါဝင်ကပြကြမှာဖြစ်ပြီး မတ်လ ၂၅ နဲ့ ၂၆ ရက်တွေမှာ အမျိုးသားကဇာတ်ရုံမှာ ကပြဖျော်ဖြေမှာဖြစ်တယ်လို့ သိရပါတယ်။
ကပွဲနဲ့ပတ်သတ်ပြီး ခင်စန်းဝင်းက “ပထမတော့ ဆယ်လီဘရစ်တီခေါက်ဆွဲသုပ်ဆိုပြီးရောင်းမယ်လို့စဉ်းစားထားတာ၊ ဒါနဲ့ပွဲကို စီစဉ်တဲ့ ဦးမြတ်ခိုင်က နင့် အချစ်ရေးက ဖေ့စ်ဘုတ်မှာလည်းနာမည်ကြီးတယ်။ ခေတ်လည်း ခေတ်မီ သွားအောင်သံချပ်ထဲမှာလည်း ထည့်ချင်တယ်ဆိုပြီး ကူညီပေးပါဆိုလို့ လုပ်ဖြစ်တာပါ။ ပွဲမှာတော့ မကြီးစန်းနဲ့ မော်ဒယ်လ်ကောင်လေးတွေက စင်ပေါ်တက်လာမယ်။သူတို့နဲ့ တွဲပြရမယ်။စကားနည်းနည်းပြောမယ် ဒီလောက်ပါပဲ” လို့ သူက ပြောပြပါတယ်။
တချိန်က နာမည်ကြီးပြီး ဂယက်ထခဲ့တဲ့ သူရဲ့အချစ်ရေးကို“ အဲဒီတုန်းက လူတွေအားလုံးက အမှန်တရားဘက်က ရပ်တည်ပေးခဲ့ကြတယ်။ မကြီးစန်းဘက်က ဝန်းရံပေးခဲ့ကြတယ်။ လောကကြီးမှာ အကြောင်းတခုကို ထိန်ချန် ဖုံးကွယ်ပြီးတော့ နေမယ့်အစား ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားနဲ့ အမှန်ကို အမှန်အတိုင်း အရှိကို အရှိတိုင်း ပရိတ်သတ်ကို ချပြပါ။ ပရိတ်သတ်က အမှန်ကို သိချင်တာပါ။ အမှန်တရားကိုပဲ လိုချင်တာပါ။ မမှန်မကန်ဘဲနဲ့ ဖုံးကွယ်ထားတာက သူကို မုန်းတီးစေတဲ့အရာ ဖြစ်သွားနိုင်တာပဲလေ” လို့ ဧရာဝတီကိုပြောပြခဲ့ပါတယ်။
ဆက်လက်ပြီး မကြီးစန်းလို့ အများက ခေါ်ဆိုနေကြတဲ့ မိတ်ကပ်ခင်စန်းဝင်းက လတ်တလော သူ့ရဲ့အချစ်ရေးနဲ့ ပတ်သက်လို့ အမှန်တကယ် မေတ္တာစစ်နဲ့ မိန်းမတယောက်လို တန်ဖိုးထားတဲ့သူ ရှိကြောင်း၊ ဒါပေမယ့် ပတ်ဝန်းကျင် ရဲ့ မကောင်းတဲ့အမြင် မကောင်းတဲ့ ကွန်းမန့်တွေ မကောင်းတဲ့သတင်းစကားတွေကို ကြားလာတဲ့အခါမှာတော့ ကိုယ့်ကို ဘယ်လောက်ပဲချစ်ချစ် နောက်ဆုတ်သွားတဲ့သူ နောက်ဆုတ်သွားနိုင်တာတွေ ရှိကြောင်းနဲ့ ဒီကိစ္စရပ်ဟာ သဘာဝမကျတဲ့အတွက် သူတို့ကို ချူစားတယ်၊ ပိုင်းတယ်ဆိုတဲ့အမြင်တွေကလည်း ရှိတဲ့အတွက် ကိုယ့်အနေနဲ့လည်း အပြောခံခဲ့ရတာတွေရှိသလို လက်ရှိမှာ သူက ကျမကိုတကယ်ချစ်တာပါ ကျမကလည်း သူ့ကို တကယ်ချစ်တာပါလို့ လိုက်ပြောနေလို့ မရတဲ့အတွက် သူနဲ့ကိုယ်ဆက်ဆံရေးအဆင်ပြေပြီး နားလည်နေဖို့ပဲ လိုအပ်ပါတယ်လို့ သူ့ရဲ့ခံစားချက်ကို ပြောပြခဲ့ပါတယ်။
တလောကတည်း ခင်စန်းဝင်းတယောက် အိမ်ထောင်ပြုတော့မှာမို့ ပရိဘောဂတွေ လိုက်ဝယ်နေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။
“အဲဒါကလည်းမကြီးစန်းက ပရိဘောဂတွေဝယ်နေပြီဆိုတာကို facebook မှာတင်လိုက်တဲ့အတွက်ပါ။ လူအများ စိတ်ဝင်စားတဲ့သူတယောက်ဖြစ်နေတဲ့အတွက် ကိုယ်ဘာလေးပဲလုပ်လုပ် စိတ်ဝင်စားနေတာပေါ့နော်။ ဥပမာ-မကြီးစန်း ကြံရည်သောက်နေတယ်ဆိုရင်လည်း မကြီးစန်း ကြံရည်သောက်နေတယ်ဆိုပြီး ပြောကြမှာပဲ။ လူအများ စိတ်ဝင်စားခံ ရတဲ့သူတယောက်ဖြစ်နေတဲ့အတွက် ကိုယ်နေတာ ထိုင်တာ စားတာ သောက်တာက အစ သတိလေးထား ရတာပေါ့နော်။ မကြီးစန်း ဖေ့စ်ဘုတ်သုံးတယ်ဆိုတာကလည်း အဓိက မကြီးစန်းရဲ့ လှုပ်ရှားမှုလေးတွေ၊ ကိုယ်လိမ်းဖြစ်တဲ့မိတ်ကပ်လေးတွေကို ပြချင်လို့ပါ။ တခါတလေ လူစိတ်ဝင်စားအောင်တင်ဖြစ်တယ်ဆိုတာက ကိုယ့်ရဲ့ Fan တွေကို ပျော်စေချင်လို့ အပျော်သဘောလေးနဲ့ တင်လိုက်တဲ့ သဘောပါပဲ။ ဒါကို တချို့က တမျိုးမြင်ပြီး ရေးကြတဲ့အတွက်ကြောင့် တမျိုးထင်ခံရတာပါ” လို့ ပြောပြခဲ့ပါတယ်။
မိတ်ကပ်ခင်စန်းဝင်းဟာ မိတ်ကပ်အလှဖန်တီးရှင်အဖြစ် ရပ်တည်နေတာ နှစ်ပေါင်းများစွာကြာမြင့်နေပြီး လက်ရှိမှာ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီး မော်ဒယ်လ်များကို အလှဖန်တီးလိမ်းခြယ်ပေးနေသူတဦးလည်းဖြစ်ပါတယ်။