ဧရာဝတီတိုင်း အစိုးရ ၂၀၁၆ သင်္ကြန်ပွဲတော် စီစဉ်ပေးမည် မဟုတ်
This article has been converted from Zawgyi One to Unicode
ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ ၂၀၁၆ ခုနှစ် မဟာသင်္ကြန်ပွဲတော် ကျင်းပရေးအတွက် တိုင်းအစိုးရအနေဖြင့် စီစဉ်ပေးမည် မဟုတ် ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြောဆိုသည်။
“ဌာနဆိုင်ရာတွေကိုတော့ သင်္ကြန်ပွဲတွေကို နဂိုနှစ်အတိုင်း ပြင်ဆင်ထားဖို့ နှုတ်နဲ့ပဲ ပြောထားပါတယ်။ စာထုတ်တာတွေတော့ မရှိပါဘူး။ ကျနော်တို့က စာထုတ်လိုက်ရင် နောက်လူ (NLD အစိုးရ) ကို ခိုင်းသလို ဖြစ်သွားမှာစိုးလို့ပါ။ သူတို့ အာဏာလွှဲပြောင်းယူပြီး တဲ့ နောက်ပိုင်း စီစဉ်မယ်ဆိုလည်း မီပါတယ်”ဟု ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်ဝင်းနိုင်က ဧရာဝတီ ကို ပြောသည်။
၂၀၁၁ ခုနှစ်ကစတင်၍ ဧရာဝတီတိုင်းကို တာဝန်ယူ စီမံခန့်ခွဲခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရ လက်ထက် တွင် တိုင်းမြို့တော် ပုသိမ်မြို့အပါအဝင် ဧရာဝတီတိုင်း ၂၆ မြို့နယ်ရှိ သင်္ကြန်ပွဲတော်များကို ငွေကြေး အကုန်အကျခံ၍ စည်ကားစွာကျင်းပလေ့ရှိသည်။
အထူးသဖြင့် တိုင်းမြို့တော် ပုသိမ်မြို့တွင် စည်ပင်သာယာ၊ ကျန်းမာရေး၊ ပညာရေး၊ သစ်တော၊ ဆောက်လုပ်ရေး စသဖြင့် ဌာန ဆိုင်ရာ မဏ္ဍပ်များကို သင်္ကြန်မကျမီ ၁ လခန့် အလိုကပင် အစိုးရအမိန့်ဖြင့် ဆောက်လုပ်စေပြီး ဌာနဆိုင်ရာ ဝန်ထမ်းများကိုလည်း ယိမ်းအကအဖွဲ့များဖွဲ့စည်း၍ ဧရာဝတီတိုင်းအစိုးရ၏ ဗဟိုမဏ္ဍပ်တွင် ယိမ်းအကယှဉ်ပြိုင်စေခြင်းများ ပြုလုပ်ခဲ့သည်။
ထို့အပြင် ပုသိမ်မြို့ရှိ သံချပ်အဖွဲ့များကိုလည်း ဗဟိုမဏ္ဍပ်သို့ ဖိတ်ခေါ်၍ သံချပ်ပြိုင်ပွဲများ ကျင်းပပေးပြီး ဆုချီးမြှင့်မှုများ ရှိခဲ့သည်။
တိုင်းအစိုးရ အနေဖြင့် သင်္ကြန်ပွဲတော်များကို အစိုးရဘတ်ဂျက်ဖြင့် အကုန်အကျခံ ကျင်းပခြင်းမဟုတ်ဘဲ အလှူရှင်များဖြင့် စုစည်း ကျင်းပခြင်းဖြစ်သည့်အတွက် ၂၀၁၆ သင်္ကြန်ပွဲတော်ကို စီစဉ်မပေးခြင်း ဖြစ်ကြောင်း စည်ပင်ဝန်ကြီး ဦးကျော်ဝင်းနိုင်က ပြောသည်။
“သင်္ကြန်ဆိုတာက ဘတ်ဂျက် (နိုင်ငံတော် အသုံးစရိတ်)နဲ့ လုပ်တာမျိုးဆိုရင် ဘတ်ဂျတ်ရေးဆွဲ ပေးခဲ့လို့ရတယ်။ အခုက ဘတ်ဂျက် ထဲမှာ မပါဘဲ စိတ်ဝင်စားတဲ့ အလှူရှင်တွေနဲ့ စေတနာရှင်တွေနဲ့ စုစည်း လုပ်ကိုင်ရတဲ့ကိစ္စ ဖြစ်နေတယ်။ အဲဒါကြောင့် ကျနော် တို့ စီစဉ်လို့ မရပါဘူး”ဟုလည်း တိုင်းစည်ပင် ဝန်ကြီးက ပြောသည်။
ပုသိမ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်အုန်းကမူ အစိုးရထံမှ တရားဝင်ညွှန်ကြားစာ မရရှိသော်လည်း ပုသိမ်မြို့၏ သင်္ကြန်ပွဲတော်အား ဖြစ်မြောက်ရန် ကြိုးပမ်းသွားမည်ဟု ပြောဆိုသည်။
“သင်္ကြန်ပွဲကတော့ ကျနော်တို့ ဖြစ်အောင်လုပ်မှာပါ။ အစိုးရ အကူးအပြောင်းဆိုတော့ ဘဏ္ဍာငွေ သုံးစွဲမှုနဲ့ ပတ်သက်ပြီး နည်းနည်း သုံးမလား၊ များများသုံးမလား ဆိုတာပဲ ကွာမှာပါ။ မကြာခင် ကျနော်တို့ အစည်းအဝေးခေါ်ယူပြီး ဒီကိစ္စကို စီစဉ်သွားမှာပါ”ဟုလည်း သူက ပြောသည်။
မြန်မာပြည်အနှံ့အပြား စည်ကားစွာကျင်းပလေ့ရှိသည့် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်သည် လာမည့် ဧပြီလ ၁၂ ရက် မှ ၁၆ ရက် အထိ ၅ ရက် ကျရောက်မည် ဖြစ်သည်။