သင်္ကြန်ကာလအတွင်း ခရီးသွား ကားလက်မှတ်များအား သတ်မှတ်ဈေးနှုန်းထက် ပိုမိုတောင်းခံပါက ကားလက်မှတ်နှင့် နိုင်ငံသား မှတ်ပုံတင် ယူဆောင်၍ တိုင်ကြားပါက ချက်ချင်းစိုက်လျော် ဆောင်ရွက်ပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ မ.ထ.သ (အဝေးပြေး) က ပြောသည်။
“ခရီးသည်တွေက ပင်ရင်း လက်မှတ်အရောင်းဌာနမှာပဲ ဝယ်ပါ။ ဝယ်ထားတဲ့ ကားလက်မှတ်ဈေးကြီးလို့ လာတိုင်ရင် ချက်ချင်း စိုက် လျော်ပေးလိုက်မယ်။ ကားလက်မှတ်နဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်လာခဲ့ပါ။ ကျနော်တို့ လုပ်ပေးပါမယ်”ဟု ရန်ကုန်တိုင်း ဒေ သကြီး မ.ထ.သ (အဝေးပြေး) ဥက္ကဋ္ဌ ဦးညွှန့်ဝေက ပြောဆိုသည်။
သင်္ကြန်ကာလ အဝေးပြေးလက်မှတ်များ ဝယ်ယူရာတွင် ဖြစ်ပေါ်တတ်သည့် လက်မှတ်ပြဿနာများနှင့် သင်္ကြန်ကာလအတွင်း မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးနှင့် ပတ်သက်ပြီး မတ်လ ၁၁ ရက်က မြောက်ဥက္ကလာမြို့နယ် အောင်မင်္ဂလာ အဝေးပြေး ကွင်း ရှိ ရန်ကုန်တိုင်းဒေသကြီး မ.ထ.သ (အဝေးပြေး)ရုံး၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုခြင်းဖြစ်သည်။
သင်္ကြန်ကာလသို့ ရောက်ရှိရန် ရက်သတ္တပတ် လေးပတ်ခန့် လိုနေသေးသော်လည်း ယခုအချိန်မှ စတင်ပြီး သင်္ကြန်ကာလအတွက် ကြိုတင်ကားလက်မှတ် ရောင်းချပေးနေမှုများရှိနေပြီး လက်မှတ်ဈေးနှုန်းများကို ပုံမှန်ထက်မြင့်၍ ရောင်းချမှုများရှိနေသည်ဟု ခရီးသည် များနှင့် အဝေးပြေးကွင်းမှ ဆိုင်ကယ် ကယ်ရီမောင်းသူများက ပြောဆိုသည်။
လက်မှတ်နှုန်းထားခနှင့် ပတ်သက်ပြီး မတ်လ ၁၀ ရက်က ကိုယ်တိုင်ကြုံတွေ့ရသူတဦးဖြစ်သည့် မထားထားထက်က “ဧပြီ ၉ ရက်မှာ ရန်ကုန်-နတ်မောက် ခရီးစဉ်သွားဖို့အတွက် လူ ၁၆ ယောက်စာ ဝယ်တာ။ ပုံမှန်အတိုင်းဆို လက်မှတ်တစောင်ကို ခုနှစ်ထောင်ကို အခု တသောင်းနဲ့ ရောင်းလိုက်တယ်။ တစောင်ကို သုံးထောင် ပိုရောင်းလိုက်တော့ ၁၆ ယောက်စာဆိုတော့ အရမ်းများသွားတယ်။ ဒါကို မထသ ကနေ လက်မှတ်ဖိုး ပိုတဲ့အခကိုလည်း ပြန်တောင်းပေးမယ် ပြောတယ်။ နောက်ထပ် ထပ်ဝယ်တဲ့လက်မှတ်တွေကိုတော့ မထသ ကနေ ပုံမှန်ဈေးနဲ့ ပြန်ဝယ်ပေးတယ်”ဟု ပြောပြသည်။
ထိုသို့ ယာဉ်စီးခတန်ဖိုး ပိုမိုတောင်းခံသည့် ဖြစ်စဉ်သည် နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရသည့် အခက်အခဲများဖြစ်ကြောင်း ခရီးသွားများက ပြောဆိုသည်။
ပြီးခဲ့သည့်နှစ်က ယာဉ်စီးခတန်ဖိုး ပိုမိုတောင်းခံသည့် ယာဉ်လိုင်းများအား ယာဉ်တစီးလျှင် ဒဏ်ကြေးငွေ ကျပ်ငါးသောင်းဖြင့် အရေး ယူခဲ့ရာ အောင်မင်္ဂလာအဝေပြေး ယာဉ်စခန်းနှင့် ဒဂုံ-ဧရာ အဝေးပြေး ယာဉ်စခန်းတို့မှ ဒဏ်ကြေးငွေ စုစုပေါင်း ကျပ် ၂၇ သိန်း ရရှိခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး မ.ထ.သ (အဝေးပြေး) က ပြောဆိုသည်။
ပြီးခဲ့သည့်နှစ်တွင် အဝေးပြေး ကားလက်မှတ်ပြဿနာများ ဖြစ်ပေါ်လာပါက သတ်မှတ်နှုန်းထက် ပိုသောငွေကြေးကို ခရီးသည်အား ပြန်လည် ပေးအပ်ဖြေရှင်းပေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီး မ.ထ.သ(အဝေးပြေး) က ကျပ်သိန်း ၁၀၀ အထိ သုံးစွဲရန်လျာထား ခဲ့သော်လည်း အမှန်တကယ် ဖြေရှင်းပေးခဲ့ရသည်မှာ ကျပ် ၁၈ သိန်းကျော်သာ ရှိခဲ့ကြောင်း သိရသည်။