တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး (NCA) စာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွ့ဲနှင့် အစိုးရတို့၏ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကော်မတီ (JMC-U) လုပ်ငန်းစဉ်များ လတ်တလော လည်ပတ်နိုင်ရန် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၇ သောင်းခွဲခန့် ရရှိထားပြီဟု သတင်းရရှိသည်။
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကော်မတီ ပြည်ထောင်စု အဆင့်က NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ဒေသများတွင် အောက်ခြေနှစ်ဖက် တပ်မှူးများ၊ အရပ်သားများ JMC ကို ပြည်နယ် အဆင့်၊ ဒေသန္တရအဆင့် ဟူ၍ ကော်မတီများ ဖွဲ့ပြီး တိုက်ပွဲများ၊ ပစ်ခတ်မှုများ ပြန်လည် မဖြစ်ပွားစေရန် စောင့်ကြည့်ကြမည် ဖြစ်သည်။
အဆိုပါ စောင့်ကြည့်ရေး လုပ်ငန်းများစဉ်များကို ၃ နှစ်စာ လျာထားပြီး လိုအပ်နေသည့် ဘတ်ဂျက်ငွေမှာ စုစုပေါင်း ဒေါ်လာ ၂၁ သန်းကျော်ဖြစ်ကြောင်း သိရသည်။
JMC – U ၏ တပ်မတော်ဘက်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က “ ဒေါက်တာ မင်းဇော်ဦးက EU (ဥရောပ သမဂ္ဂ) နဲ့ ညှိနှိုင်းပြီး JMC လုပ်ငန်းအတွက် ဒေါ်လာ ၇ သောင်းခွဲ ရရှိထားပါတယ်။ ကျနော်တို့ လိုနေတဲ့ ဘတ်ဂျက် မရမချင်းကတော့ ဒါလေးနဲ့ ဆက်သွားဖို့ လုပ်ထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဒေါက်တာ မင်းဇော်ဦးမှာ မြန်မာနိုင်ငံငြိမ်းချမ်းပြန်လည်ထူထောင်ရေး စင်တာ (MPC) မှ တာဝန်ရှိသူ တဦးဖြစ်ပြီး သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့သူဖြစ်သည်။ လက်ရှိတွင်လည်း JMC-U တွင် တာဝန်ရှိသူ တဦးဖြစ်သည်။
လက်ရှိတွင် ဒေါ်လာ ၇ သောင်းခွဲသာ ရရှိထားသေးသဖြင့် ကျန်ငွေများ ဆက်လက် ရရှိနိုင်ရန် ကုလသမဂ္ဂ (UN) ကိုယ်စားလှယ်များနှင့် JMC ဥက္ကဋ္ဌများမှ မတ်လအတွင်း အစည်းအဝေးတရပ် ပြုလုပ်သွားရန် ရှိသည်ဟုလည်း ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောသည်။
JMC-U ၏ ပြောရေးဆိုခွင့်ရှိသူ ခရစ်ယာန် ဘုန်းတော်ကြီး စောမက်သယူးအေးကလည်း “နိုင်ငံတကာဘက်က စကားပြောပုံ အရတော့ ပေးတဲ့ အနေအထားတော့ တွေ့ရပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ အတိအကျ မပြော နိုင်သေးဘူး။ တကယ်လို့ အဆင်မပြေရင်တော့ လွှတ်တော်ကို တင်ပြသွားဖို့ စီစဉ်ရမှာလည်း ရှိပါတယ်” ဟု ပြောသည်။ NCA, JMC, အပစ်အခတ်ရပ်စဲရေး
JMC လုပ်ငန်းအတွက် နိုင်ငံတကာမှ ရရှိသည့် အလှူငွေများကို နိုင်ငံခြားငွေအဖြစ် JMC ဘဏ်အကောင့် တခုဖွင့်ကာ ထည့်ထားပြီး လုပ်ငန်းအတွက် လိုအပ်လာပါက JMC ဥက္ကဋ္ဌများ၏ ခွင့်ပြုချက်ဖြင့် ထုတ်ယူ သုံးစွဲသည်ဟု သိရသည်။
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လုပ်ငန်းအဆင့်ဆင့် ဘတ်ဂျက် သုံးစွဲမှု စာရင်းများကိုမူ JMC တာဝန်ရှိသူများက ထုတ်ဖော် ပြောဆိုခြင်း မရှိပါ။
လက်ရှိတွင် JMC-U မှာ အစည်းအဝေး ၄ ကြိမ် ပြုလုပ်ထားပြီး ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးကော်မတီ ပြည်နယ်အဆင့် (JMC-S) နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကော်မတီ ဒေသန္တရအဆင့် (JMC-L) များ ဖွဲ့စည်းကာ ထိုဒေသများတွင် လုပ်ငန်းများ စတင်နေပြီ ဟု သိရသည်။
ဧပြီလတွင် ပဉ္စမအကြိမ် JMC-U အစည်းအဝေးကို ကျင်းပမည် ဖြစ်သည်။
အစိုးရနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့မှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက ရက်တစ်တပ်ဦး(ABSDF)၊ ရခိုင် လွတ်မြောက်ရေး တပ်မတော် (ALP) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ ဖြစ်သည်။