ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ်(ခေါ်) နှုတ်ခမ်းမွေး ကွယ်လွန် သွားပြီးနောက် ၎င်း၏ နေရာအတွက် ဆက်လက် တာဝန်ပေးရန် ပြင်ဆင်နေကြောင်း သိရသည်။
“သူ့နေရာကို တာဝန်ပေးဖို့အတွက် သီးခြားတပ်မှူး စုံညီအစည်းအဝေးခေါ်ပြီး လုပ်မှာပါ။ ရက်တော့ မသတ်မှတ်ရသေးပေမယ့် ပို့ဆောင်သင်္ဂြိုဟ်ပြီး မကြာတဲ့ရက်မှာ လုပ်မယ်လို့ အကြမ်းဖျင်း လျာထားတယ်”ဟု DKBA ၏ ဒု ဗိုလ်မှူးကြီး စောစိန်ဝင်းက ဧရာဝတီကို ပြောသည်။
အသက် ၅၄ နှစ်အရွယ် ဗိုလ်ချုပ်ကြီး စောလားပွယ်သည် မတ်လ ၁၃ ရက် မွန်းလွဲပိုင်းက ပဲခူးမြို့ ခုတင် ၅၀၀ ဆေးရုံကြီးတွင် လည် ချောင်း ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ရာ ရုပ်အလောင်းအား လတ်တလောတွင် DKBA ဌာနချုပ်ရှိ ဗိုလ်ချုပ်ကြီး စောလားပွယ် ၏ အိမ်တွင်ထားရှိပြီး မတ်လ ၁၉ ရက် စနေနေ့တွင် မီးသင်္ဂြိုဟ်မည်ဟု DKBA တပ်မှူးများက ပြောပြသည်။
“ဗိုလ်ချုပ်ကြီး စောလားပွယ် မရှိတဲ့နောက် သူ့နေရာကို ဗိုလ်ချုပ် စောမိုရှေး ဦးဆောင်ရမှာပေါ့။ လောလောဆယ် အဲဒီလိုပဲ လျာထား တာ။ အစည်းအဝေးမှာပဲ ဆုံးဖြတ်မယ်”ဟု ကရင်ငြိမ်းချမ်းရေး ကောင်စီ (KPC)မှ ဒုဗိုလ်မှူးကြီး စောနေဆေးက ပြောသည်။
DKBA သည် အခြားသော လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့်အတူ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို သဘောတူချုပ်ဆိုခဲ့ပြီး နေပြည်တော်တွင် အဆိုပါ စာချုပ်ချုပ်ဆိုစဉ်က ဗိုလ်ချုပ်ကြီး စောလားပွယ် ကိုယ်တိုင် တက်ရောက်ခဲ့သည်။
DKBA အပေါ် သြဇာသက်ရောက်သည့် ဗိုလ်ချုပ်ကြီး စောလားပွယ် မရှိတော့သော်လည်း အဖွဲ့အတွင်း ဖရိုဖရဲအဖြစ်မျိုး ဖြစ်မည် မဟုတ် သကဲ့သို့ အစိုးရနှင့် ချုပ်ဆိုထားသော NCA စာချုပ်ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KPC မှ ဒု ဗိုလ်မှူးကြီး စောနေဆေးက ပြောသည်။
ဗိုလ်ချုပ်ကြီး စောလားပွယ် ကွယ်လွန်သွားခြင်းအပေါ် ဒုဗိုလ်မှူးကြီး စောစိန်ဝင်းက“ဆုံးသွားတာ ကျနော်တို့အတွက် ခေါင်းဆောင် ကောင်း တယောက် ဆုံးရှုံးသွားတာပဲ။ ဝမ်းနည်းမိပါတယ်။ သူ့ရဲ့ ဦးဆောင်လမ်းညွှန်ခဲ့တဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို ကျနော်တို့ ညီညီညွှတ်ညွှတ်နဲ့ ဆက်လုပ်မယ်လို့ အားလုံး ဆုံးဖြတ်ထားကြပါတယ်”ဟု ပြောဆိုသည်။
အစိုးရနှင့် ဗိုလ်ချုပ်ကြီး စောလားပွယ် ဦးဆောင်သည့် DKBA အဖွဲ့များကြား NCA လက်မှတ်ထိုးချိန်၌ တဘက်တွင် အစိုးရတပ်များနှင့် တိုက်ပွဲဖြစ်၍ ထုတ်ပယ်လိုက်သည့်အဖွဲ့များက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဆိုသော အမည် ဟောင်းဖြင့် သီးခြား ပြန်လည် ဖွဲ့စည်းခဲ့သည်။
ထိုအဖွဲ့တွင် စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ် စောကျော်သက်၊ ဒုစစ်ဦးစီးချုပ် အဖြစ် ဗိုလ်မှူးချုပ် စောတိုင်းရွှေ (ခ) ဗိုလ်ဘိနှင့် ဗိုလ်မှူးကြီး စောဆန်းအောင်တို့က ဦးစီးကြသည်။
ထိုအဖွဲ့မှ ဗိုလ်မှူးကြီး စောဆန်းအောင်က ဗိုလ်ချုပ်ကြီး စောလားပွယ် ကွယ်လွန်သွားမှုအပေါ် “ကရင် ခေါင်းဆောင် တယောက် ဆုံးသွားတာကို ကျနော်တို့ ကရင်စစ်သား တယောက်အနေနဲ့ စိတ်ဘယ်ကောင်းမလဲဗျာ။ နှစ်ပေါင်း ၆၀ ကျော်တဲ့ ကရင့်တော်လှန် ရေး မှာ သူလည်းသက်တမ်း တဝက်လောက် ဖြတ်သန်းခဲ့တယ်။ ငြိမ်းချမ်းရေး ကာလကိုလည်း သူတည်ဆောက်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ကရင် ဗိုလ်ချုပ်တယောက် ဆုံးသွားပေမယ့် ကရင့်တော်လှန်ရေးက မပျက်စီးသေးဘူး။ အနာဂတ်လူငယ်တွေက ထပ်ပြီး တာဝန်ယူ သွားပါလိမ့်မယ်”ဟု ဧရာဝတီကို ပြောသည်။
ဗိုလ်ချုပ်ကြီး စောလားပွယ် တည်ဆောက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပျက်ပြားသွားမည်ကိုစိုးရိမ်သဖြင့် ၎င်းတို့အား ယာယီစွန့် လွှတ်လိုက်ခြင်းသာဖြစ်ပြီး အမျိုးသားရေးအတွက် သစ္စာရှိရှိ ဆောင်ရွက်ကြမည်ဆိုလျှင် မလွဲမသွေ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး စောဆန်းအောင်က ဆက်ပြောသည်။
ကွယ်လွန်သွားသည့် ဗိုလ်ချုပ်ကြီးစောလားပွယ်သည် ၂၀၁၃ ခုနှစ်ကတည်းက လည်ချောင်းကင်ဆာ ရောဂါဝေဒနာ ခံစားခဲ့ရပြီး စင်ကာပူနိုင်ငံအထိ သွားရောက်ကုသမှု ခံယူခဲ့သည်။
၎င်းသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ပိုင်ကျုံရွာ ဇာတိဖြစ်ပြီး ကရင်အမျိုးသား အစည်းအရုံး(KNU) ၏ တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၇) တွင် တပ်ခွဲမှူး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
၁၉၉၄ ခုနှစ်တွင် KNU အတွင်း အကွဲအပြဲဖြစ်ပြီးနောက် DKBA ကလို့ထူးဘော တပ်ဖွဲ့ကို ဗိုလ်ချုပ်ကြီး စောလားပွယ်က ဦးဆောင် ခဲ့ သည်။
၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ စစ်အစိုးရက နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် စည်းရုံးခဲ့သော်လည်း ဗိုလ်ချုပ်ကြီး စောလားပွယ် က လက်မခံခဲ့ဘဲ အစိုးရကို ဆက်၍တော်လှန်ခဲ့သည်။
၂၀၁၀ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲ ကျင်းပနေချိန်တွင် မြဝတီမြို့ကိုတက်သိမ်းခဲ့ပြီး အစိုးရတပ်မတော်နှင့် တိုက်ပွဲများ ဆက် တိုက်ဖြစ်ခဲ့ပြီးနောက် DKBA ၏ နာမည် ပိုမိုထင်ရှားလာခဲ့သည်။
၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် အခြားသော တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နှင့် အတူ NCA လက်မှတ်ရေးထိုး ခဲ့သည်။
ဗိုလ်ချုပ်ကြီး စောလားပွယ် မသေဆုံးမီ ကာလအတွင်း DKBA နှစ်ဖွဲ့ ထပ်ကွဲသွားသော်လည်း အရှေ့ဒေါန၊ အနောက် ဒေါနဟူ၍ ကွပ် ကဲရေးဌာန နှစ်ခုအဖြစ်ထား၍ အုပ်ချုပ်ခဲ့သည်။
လက်ရှိတွင် အရှေ့ဒေါနကို ဗိုလ်မှူးချုပ် စောစတိဗ်က ဦးစီးပြီး အနောက်ဒေါနကို ဗိုလ်မှူးချုပ် စောသာခူးက ဦးစီးနေကြောင်း သိရ သည်။