လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ အသီးသီးက ရွေးချယ်ထားသည့် ဒုတိယ သမ္မတ ၃ ဦးအနက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ရွေးချယ် ထားသည့် ဒုသမ္မတ ၂ ဦးဖြစ်သည့် ဦးထင်ကျော်နှင့် ဦးဟင်နရီဗန်ထီးယူတို့ကို သမ္မတ လောင်း ရွေးချယ် စိစစ်ရေးအဖွဲ့ဝင် ၇ ဦးအနက် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးက ထောက်ခံခြင်း မပြုခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက် စိစစ်ရေးအဖွဲ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ၊ ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဒေါက်တာမျိုးအောင်၊ ဦးဘမျိုးသိန်း၊ ဗိုလ်ချုပ်သန်းစိုး တို့စုစုပေါင်း ၇ ဦးပါဝင်သည်။
သမ္မတအရည်အချင်း စိစစ်ရေးအဖွဲ့ဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးက ပြည်သူ့လွှတ်တော် ကိုယ်စားပြု အစုအဖွဲ့က ရွေးချယ်သည့် ဦးထင်ကျော်ကို သမ္မတ အရည်အချင်း သတ်မှတ်ချက်နှင့် ကိုက်ညီ၊ မကိုက်ညီ ထောက်ခံခြင်း ကန့်ကွက်ခြင်း မရှိဘဲ ရွေးကောက်ခံ ကိုယ်စားလှယ် မဟုတ်သဖြင့် ပြန်လည်စိစစ်ရန် လိုအပ်ကြောင်း၊ အမျိုးသား လွှတ်တော် ကိုယ်စားပြု အစုအဖွဲ့က ရွေးချယ်သည့် ဦးဟင်နရီ ဗန်ထီးယူ သည် ပြင်ပတွင် ၆ နှစ်ခန့် နေထိုင်ခဲ့သဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီမညီ အခြေခံဥပဒေ ခုံရုံးသို့ မေးမြန်း စိစစ်ပေးရန် ပြောဆိုပြီး ကန့်ကွက်ခဲ့ကြောင်း သိရှိရသည်။
တပ်မတော်က ကန့်ကွက်သော်လည်း နိုင်ငံတော်သမ္မတ စိစစ်ရေးအဖွဲ့ဝင် ၇ ဦးတွင် ၆ ဦးက ထောက်ခံမဲပေး၍ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏ ကန့်ကွက်မှုမှာ မအောင်မြင်ခဲ့ဘဲ NLD က တင်သွင်းသည့် ဒုသမ္မတ ၂ ဦးစလုံးကို အရည်အချင်းပြည့်မီသူများအဖြစ် သတ်မှတ် အတည်ပြု ပေးလိုက်သည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ သမ္မတ အရည်အချင်းသတ်မှတ်ချက်တွင် သမ္မတ အဖြစ် ရွေးချယ်တင်မြောက်ခံရသည့် အချိန်နှင့် တဆက် တည်း အနည်းဆုံး နှစ် ၂၀ နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူ ဖြစ်ရမည်ဟု ပြဌာန်းထားပြီး ခြွင်းချက်အနေဖြင့် နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် တရားဝင် သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချ နေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်း ရေတွက်ရမည်ဟု ဖော်ပြထားသည်။
တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်ထားသည့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကိုမူ စိစစ်ရေး အဖွဲ့ဝင်အားလုံးက ကန့်ကွက်မှု တစုံတရာ မရှိဘဲ သမ္မတ အရည်အချင်းနှင့် ပြည့်စုံကြောင်း ဆုံးဖြတ်ခဲ့သည်။
ဒုတိယ သမ္မတ ဦးထင်ကျော်သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဖြစ်ပြီး NLD စတင် တည်ထောင်ရာတွင် ပါဝင်ခဲ့သည့် ဗိုလ်မှူးကြီးဟောင်း ဦးလွင်၏ သမက်ဖြစ်ကြောင်း၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ချင်းတိုင်းရင်းသားဖြစ်ကာ တပ်မတော် ဗိုလ်မှူး အငြိမ်းစား၊ စက်ရုံမှူးဟောင်းတဦး ဖြစ်ကြောင်း၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေသည် ဒုတိယ ဗိုလ်ချုပ်ကြီး အငြိမ်းစားဖြစ်ပြီး လက်ရှိ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်သမ္မတရွေးချယ်ခြင်း အခမ်းအနားကို မတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။