မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၉၀ ဦး အကျဉ်းကျခံနေရပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄၁၈ ဦးတို့သည် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် လက်ရှိအချိန်တွင် တရားရင်ဆိုင်နေရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP-B) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းကိန်းဂဏန်း အချက်အလက်များမှာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ AAPP က ပြုစုထားသည့် အချက်အလက်များဖြစ်ပြီး တရားရင်ဆိုင်နေရသည့် တက်ကြွလှုပ်ရှားသူ ၄၁၈ ဦးထဲတွင် ၁၃၂ ဦးသည် အကျဉ်းထောင် အတွင်းမှနေ၍ တရားရင်ဆိုင်နေရသည်ဟုလည်း မတ် ၁၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း ၁၉ ဦး ဖမ်းဆီးခံခဲ့ရပြီး တက်ကြွလှုပ်ရှားသူ ၉ ဦး ပြစ်ဒဏ်ချမှတ်ခဲ့ရကြောင်း၊ နိုင်ငံရေးအကျဉ်းသား ၁ ဦး ပြန်လည် လွတ်မြောက်လာခဲ့ပြီး နိုင်ငံရေး အကျဉ်းသား ၁၁ ဦးမှာ ကျန်းမာရေး ဆိုးရွားလျက်ရှိကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေသူများက နိုင်/ကျဉ်းအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရန် တစိုက်မတ်မတ် တောင်းဆိုနေကြသော်လည်း ဦးသိန်းစိန် အစိုးရသက်တမ်း ကုန်ခါနီးအချိန်အထိ ယင်းကဲ့သို့သော ကိန်းဂဏိန်းအချက် အလက်များ ကျန်ရှိနေသေးခြင်း ဖြစ်သည်။
အသစ်တက်လာမည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရအနေဖြင့်လည်း နိုင်/ကျဉ်း အားလုံး လွှတ်ပေးရန်မှာမူ ယင်းတို့၏သဘော ထားတခုတည်းနှင့်မရဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးတို့၏ သဘောထားနှင့်ပါ သက်ဆိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်သည်။
“ပြဿနာက အစိုးရသစ်က ကာကွယ်ရေးဦးစီးချုပ်နဲ့ ပြည်ထဲရေးကို အမိန့်ပေးနိုင်တဲ့ အနေအထားမရှိဘူး။ ဒါက အစိုးရသစ်အတွက် တကယ့်ကို စိန်ခေါ်မှုတခုပါပဲ။ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဆိုတာက ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးက အဓိကကျနေတယ်” ဟု AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က ဧရာဝတီသို့ ပြောသည်။
သို့သော် အသစ်တက်လာမည့် NLD အစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်၍ ဦးစားပေး လုပ်ဆောင်သွားမည်ဟု နိုင်ငံရေးအကျဉ်းသားများအရေး ဆောင်ရွက်နေသူများက ယုံကြည်နေကြသည်။
“အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရဖြစ်လာပြီ ဆိုရင်တော့ နိုင်ငံရေး အကျဉ်းသားတွေက သေချာပေါက် လွှတ်မှာပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အစောပိုင်းတုန်းက နိုင်ငံရေးအကျဉ်းသားတွေ အရမ်းကို များနေပြီလို့ ပြောဖူးတယ်။ ပြီးတော့ ရွေးကောက်ပွဲ အပြီးမှာတုန်းက NLD ထိပ်ပိုင်း ခေါင်းဆောင်တဦး ပြောခဲ့တာက ပါတီရဲ့ ဦးစားပေးကိစ္စထဲမှာ နိုင်ငံရေး အကျဉ်းသားကိစ္စတွေ ပါတယ်” ဟု AAPP ၏ မြန်မာပြည်တာဝန်ခံ ကိုအောင်မိုးကျော်က ပြောသည်။
၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပသည့် ဒုတိယအကြိမ် လွှတ်တော်သစ်တွင် နိုင်ငံရေး အကျဉ်းသားဟောင်း ၁၂၂ ဦးက လွှတ်တော် ကိုယ်စားလှယ်သစ်များအဖြစ် တာဝန်ထမ်းဆောင်နေကြကြောင်း AAPP ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပထမအကြိမ် လွှတ်တော်ထက် နိုင်ငံရေး အကျဉ်းသားဟောင်းများ ပိုမိုပါဝင်သည့် လွှတ်တော်သစ်တွင် လူ့အခွင့်အရေးနှင့် ပတ်သက်တာသည့် ဥပဒေများ၊ တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်သည့် ဥပဒေများကို ပိုမို အလေးထားပြီးဆောင် ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဦးဘိုကြည်က ပြောသည်။
သမ္မတ ဦးသိန်းစိန် အစိုးရအဖြစ် စတင် တာဝန်ယူခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်က စတင်ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအထိ လွတ်ငြိမ်းချမ်းသာခွင့်များ ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား အရေအတွက် နည်းပါးခဲ့သည့်အတွက် နိုင်ငံရေး အသိုင်းအဝိုင်းကြား ဝေဖန်မှုများရှိသည်။
အသွင်ကူးပြောင်းရေး ကာလအတွင်းတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ပုဒ်မ ၁၈ ကို အသုံးပြု၍ နိုင်ငံရေး လှုပ်ရှားသူများကို ဖမ်းဆီးအကျဉ်းချထားမှုများ ပြုလုပ်ဆဲဖြစ်ကြောင်း၊ ဖေဖော်ဝါရီလတွင် လွန်ခဲ့သည့် တနှစ်ကျော်က ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများအတွက် တက်ကြွလှုပ်ရှားသူ ၄၅ ဦးကို စွဲချက်အသစ်များဖြင့် တရားစွဲဆို ခဲ့ပြီး ယင်းတို့ထဲမှ ၁၂ ဦးသည် ပုဒ်မ ၁၈ ဖြင့် ထပ်တိုးတရားစွဲဆိုခံခဲ့ရကြောင်း AAPP က ထုတ်ပြန်သည်။