ကူးစက်မြန် ဦးနှောက်အမြှေးရောင် ရောဂါဖြင့် သေဆုံးသည့်ကလေး ၅ ဦးရှိလာ
This article has been converted from Zawgyi One to Unicode
မန္တလေးမြို့၊ ကုတင် ၅၅၀ ကလေးဆေးရုံကြီးတွင် ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးပါးရောင် ရောဂါဖြင့် တက်ရောက် ဆေးကုသမှု ခံယူနေသည့် အသက် ၅ နှစ် အရွယ် ကလေးငယ် ၁ ဦး သေဆုံးသွားကြောင်း အဆိုပါဆေးရုံ မှ ဆေးရုံအုပ်ကြီး ဒေါက်တာ သက်ဆွေ က အတည်ပြုပြောကြားသည်။
မိတ္ထီလာ ဆေးရုံကြီးတွင် သေဆုံးသည့် ကလေးငယ် ၄ ဦးနှင့်ဆိုလျှင် စုစုပေါင်း ၅ ဦးရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
နောက်ဆုံး သေဆုံးသွားသည့် ကလေးငယ်မှာ မောင်ထက်မြတ်ဖြိုး ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ မိထီ္တလာခရိုင်၊ သာစည်မြို့နယ်၊ ပြွန်ကန်ရွာမှ ဖြစ်ကြောင်း၊ မတ်လ ၁၃ ရက် ညက ဆေးရုံသို့ ရောက်ရှိလာခဲ့သော်လည်း ရောဂါမသက်သာသည့် အတွက် မတ်လ ၁၄ ရက် မနက် ၂ နာရီက သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
“သေသွားတဲ့ ကလေးငယ်က ဒီရောက်လာကတည်းက သွေးလန့်နေတယ်။ သတိကောင်းကောင်းမရဘူး။ သွေးခုန်နှုန်းကလည်း စမ်းလို့မရတော့ဘူး။ ပထမ အိုပီတီကနေ နောက် ဖျားနာကုသဆောင်ပို့တယ်။ နောက် ICU (အထူးကြပ်မတ်ကုသဆောင်) ပို့ပေမယ့် မနေ့က မနက်ခင်းမှာ ဆုံးသွားပါတယ်။ ပြွန်ကန်ရွာက ကလေးငယ်ကတော့ မစိုးရိမ်ရတော့ပေမယ့် ကြွက်သားပျော့ပြီး လမ်းမလျှောက်နိုင်သေးလို့ ဒီမှာပဲ ကုသမှုခံယူနေပါတယ်” ဟု မန္တလေး ကုတင် ၅၅၀ ကလေးဆေးရုံ မှ ဆေးရုံအုပ်ကြီး ဒေါက်တာ သက်ဆွေက ရှင်းပြသည်။
ယင်းဆေးရုံတွင် ကူးစက်မြန်ပြင်းထန် ဦးနှောက် အမြှေးပါးရောင်ရောဂါဖြင့် တက်ရောက် ကုသနေသည့် ကလေးလူနာမှာ ၂ ဦး ရှိပြီး တဦး သေဆုံးသွားသော်လည်း အခြားတဦးမှာ အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း၊ တခြား ကလေးငယ်များမှာလည်း ဝမ်းပျက်ဝမ်းလျှောနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများဖြင့် တက်ရောက် ကုသနေခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
မတ်လ ၅ ရက်နေ့မှ မတ် ၉ ရက်အတွင်း မန္တလေးတိုင်းဒေသကြီး၊ မိထီ္တလာခရိုင်၊ သာစည်မြို့နယ် ပြွန်ကန်ကျေးရွာမှ ကလေး ၅ ဦး၊ သမန်းကန်ကျေးရွာမှ ၂ ဦး၊ ဘုရားလေးကုန်းကျေးရွာမှ ၁ ဦး နှင့် အင်းကုန်းကျေးရွာမှ ၁ ဦး စုစုပေါင်း ၉ ဦးတွင် ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးပါးရောင် ရောဂါ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ၄ ဦး သေဆုံးခဲ့ပြီး ကျန်ရှိသော ကလေးငယ် ၅ ဦးမှာ သာစည်မြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ရောဂါပြင်းထန်သည့် ကလေးငယ်များကို မိတ္ထီလာဆေးရုံကြီးသို့ လည်းကောင်း၊ ထို့နောက် မန္တလေးမြို့ ကလေးဆေးရုံကြီးသို့ အဆင့်ဆင့် လွှဲပြောင်းကုသမှုများ ခံယူခဲ့သော်လည်း မတ်လ ၅ ရက်နေ့မှ ၉ ရက်နေ့အတွင်း မိတ္ထီလာ ဆေးရုံကြီးတွင် ကလေးငယ် ၄ ဦး၊ မန္တလေး ကလေး ဆေးရုံကြီးမတ်လ ၁၄ ရက်က အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး ထပ်မံသေဆုံးခဲ့ခြင်းကြောင့် စုစုပေါင်းသေဆုံးသည့် ကလေးငယ် ၅ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးပါးရောင် ရောဂါမှာ Neisseria Meningitides ဆိုသည့် ဘက်တီးရီးယားကြောင့်ဖြစ်သော ရောဂါအမျိုးအစားဖြစ်ကြောင်းနှင့် လေမှတဆင့် (ရောဂါရှိသူ နှာချေ၊ ချောင်းဆိုး) ကူးစက်နိုင်သကဲ့သို့ ရောဂါရှိသူ ကိုယ်မှ ထွက်သော အရည်များနှင့် ထိမိလျှင်လည်း ကူးစက်နိုင်သည့် ရောဂါအမျိုးအစားဖြစ်ကြောင်း သိရှိရသည်။
ယင်းရောဂါသည် ကလေးလူကြီးမရွေး ဖြစ်ပွားနိုင်သော ရောဂါအမျိုးအစားဖြစ်ပြီး သွေးလန့်သော အမျိုးအစားနှင့် ဦးနှောက်ရောင်သော အမျိုးအစားဟူ၍ အကြမ်းဖျဉ်းခွဲခြားနိုင်ပြီး သွေးလန့်သော အမျိုးအစားမှာ သေဆုံးနိုင်ခြေ ပိုများကြောင်း၊ ပူအိုက်စပ်သော ရာသီနှင့် မိုးရာသီတွင် အဖြစ်များကြောင်း၊ မြန်မာနိုင်ငံတွင် ယခင်က ဖြစ်ပွားခဲ့ဖူးသော်လည်း နှစ်စဉ်ဖြစ်ပွားလေ့ရှိသော ရောဂါအမျိုးအစား မဟုတ်ကြောင်းသိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ကူးစက်မြန် ဦးနှောက် အမြှေးရောင် ရောဂါလက္ခဏာများသည် အပြင်းအထန် ဖျားခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ မှိန်းခြင်း၊ သတိလစ်ခြင်း၊ သွေးတက်ခြင်း၊ ဇက်တောင့်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ အရေပြားတွင် သွေးခြေဥများထွက်ခြင်းများ ဖြစ်ပြီး အချိန်မီကုသမှု မခံယူပါက အသက်ဆုံးရှုံးနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထို့ကြောင့် ပြည်သူလူထု အနေဖြင့် တကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ခြင်း၊ ပွဲလမ်းသဘင်များ၊ လူစည်ကားသော နေရာများနှင့် ဖုန်ထူထပ်သော နေရာများကို ရှောင်ကြဉ်ရန်နှင့် နှာချေချောင်းဆိုးလျှင် ပါးစပ်ကို အဝတ်ဖြင့် အုပ်၍ ချောင်းဆိုးခြင်းဖြင့် ကြိုတင်ကာကွယ်သင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။