လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းမှုတွင် ဖမ်းဆီး တရားစွဲခံထားရသည့် ကျောင်းသားနှင့် ဝန်းရံပြည်သူ ၅၃ ဦးက ယနေ့ သာယာဝတီမြို့နယ်၊ တရားရုံးချိန်းတွင် ရှေ့နေဆောင်ရွက်ခွင့်ကို ရုပ်သိမ်းလိုက်ပြီး တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်မှု မလုပ်ဆောင်တော့ကြောင်း ငြင်းဆိုလိုက်သည်။
“ကျနော်တို့ တောင်းဆိုထားတဲ့ အချက် ၃ ချက် မရမချင်း တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ပါဘူး။ ဒီနေ့ကစပြီး သာယာဝတီ တရားရုံးမှာ တရားသူကြီး ဘာမေးမေး ကျနော်တို့တယောက်မှ ဘာမှဖြေကြားမှာ မဟုတ်ပါဘူး။ အလားတူ တနိုင်ငံလုံးမှာ တရားစွဲဆိုထားတဲ့ ဗကသ အဖွဲ့ဝင်တွေကို တရားစွဲဆိုထားတဲ့ အပေါ်မှာလည်း ဒီလိုပဲ ကျနောတို့ ဆောင်ရွက်သွားမှာပါ” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ကျောင်းသား ခေါင်းဆောင် ကိုမင်းသွေးသစ်က သာယာဝတီ တရားရုံးသို့ လာရောက် သတင်းယူကြသည့် သတင်း မီဒီယာသမားများကို ပြောသည်။
ဗကသများ အဖွဲ့ချုပ်က တောင်းဆိုချက် ၃ ချက်ကို တောင်းဆိုခဲ့ပြီး ထို ၃ ချက်မှာ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ကတိကဝတ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ပြောင်းလဲရန်နှင့် မတရားစွဲဆို ခံထားရသော ဥပဒေပုဒ်မများ ရုပ်သိမ်းပေးရန်တို့ ဖြစ်သည်။
ကျောင်းသားများက ရှေ့နေပါဝင် ဆောင်ရွက်မှု ရုပ်သိမ်းခြင်းနှင့် ပတ်သက်ပြီး ကျောင်းသားများအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးရောဘတ်စန်းအောင်က “သူတို့တွေမှာ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ ခံစားချက်တွေ ရှိနေတဲ့အတွက် ကျနော်တို့တွေ တားလို့မရဘူး။ ရှေ့နေအကူအညီနဲ့ သွားခဲ့တာ အခုဆို တနှစ်ရှိလာပါပြီ။ ဘာမှ ထူးထူးခြားခြား မဖြစ်လာဘူး။ နောက်ပြီး ကျောင်းသားတွေကိုတော့ တရားစွဲပြီး ကျောင်းသားတွေကို ရိုက်တဲ့ ရဲဝန်ထမ်းတွေကိုကျတော့ တရားစွဲဆိုမှု လုပ်လို့ မရဘူးဆိုတော့ သူတို့စိတ်ထဲမှာ လူ့အခွင့်အရေး မမျှတမှု ရှိနေတယ်လို့ သူတို့ ခံစားနေရတယ်လို့ ကျနော်မြင်တယ်” ဟု ဆိုသည်။
အလားတူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ မနီလာသိန်းနှင့် မမီးမီးတို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားသည့် အပေါ် လက်မခံသောကြောင့် တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်မည် မဟုတ်ဘဲ အကျဉ်းကျခံသွားမည်ဖြစ်ကြောင်း ၎င်းတို့က အသိပေးပြောကြားထားသည်။
အစိုးရက အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရန် ဆန္ဒပြခဲ့ကြသည့် ကျောင်းသားများကို ပဲခူးတိုင်း၊ လက်ပံတန်း မြို့အနီးတွင် ၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်က အကြမ်းဖက်ဖြိုခွင်းခဲ့မှု ပြုလုပ်ခဲ့သည်မှာ ယခုဆိုလျှင် ၁ နှစ်ပြည့်မြောက်ပြီ ဖြစ်သော်လည်း ဖမ်းဆီးထိန်းသိမ်းခံ ကျောင်းသားများကို အမိန့်ချမှတ်နိုင်ခြင်း မရှိဘဲ တရားစွဲဆို ရုံးထုတ်ခဲ့သည်မှာ ၄၈ ကြိမ် ရှိပြီဖြစ်သည်။
အသွင်ကူးပြောင်းရေး ကာလအတွင်း ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ ကို အသုံးပြု၍ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကို ဖမ်းဆီးအကျဉ်းချထားမှုများ ပြုလုပ်ဆဲဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက လွန်ခဲ့သည့် တနှစ်ကျော်က ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများအတွက် တက်ကြွလှုပ်ရှားသူ ၄၅ ဦးကို စွဲချက်အသစ်များဖြင့် တရားစွဲဆိုခဲ့ပြီး ၎င်းတို့ထဲမှ ၁၂ ဦးကို ပုဒ်မ ၁၈ ဖြင့် ထပ်တိုး တရားစွဲဆိုခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP-B) ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။