သတင်း

စစ်တွေ ဗုံးကွဲမှု မဖြစ်ခင် လူမှုကွန်ရက်မှ ခြိမ်းခြောက်မှုများ ရှိဟုဆို

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် RiAသတင်းဌာန ၏ အယ်ဒီတာ နေအိမ်တွင် ပြီးခဲ့သည့် အပတ်အတွင်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ယမန်နေ့က ရန်ကုန်မြို့ရှိ မြန်မာ ဂျာနယ်လစ် ကွန်ရက်(MNJ) ရုံးတွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပသည်။

ဗုံးမပေါက်ကွဲခင် ကတည်းက ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာများ၌ ယင်းသတင်းဌာနတွင် လုပ်ကိုင်နေသူများကို အသက် အန္တရာယ် ပေးရန်အထိ ခြိမ်းခြောက်ရေးသားမှုများ ရှိနေခဲ့ကြောင်း သတင်းစာ ရှင်းလင်းပွဲ၌ RiA အယ်ဒီတာ ကိုမင်းမင်းက ပြောပြ သည်။

“ကျနော်တို့ သတင်းဌာနကို နောက်ကွယ်မှာ ပြင်ပအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေ ရှိနေပါတယ်လို့ ပြည်သူ မယုံကြည်အောင် သတင်းတွေ လွှင့်ပါတယ်။ နောက်ပြီး ဖေ့စ်ဘုတ်တွေအပြင် Viber ကနေလည်း ကျနော်တို့ ဓာတ်ပုံတွေကို ရှယ်ပြီး သတ်ပေးနိုင်ရင် ငွေကျပ် သိန်းနှစ်ဆယ် ပေးမယ်လို့ဆိုပြီး ပြောထားတဲ့ စာတွေလည်း ရှိပါတယ်”ဟုလည်း ကိုမင်းမင်းက ရှင်းလင်းသည်။

၎င်းက ဆက်လက်၍“ကျနော်တို့ သတင်းအေဂျင်စီရဲ့ နောက်မှာ ဘယ်အဖွဲ့အစည်းမှ မရှိပါဘူး။ သတင်းကျင့်ဝတ်နဲ့ အညီ လွတ်လပ်စွာ တရားဝင် ခွင့်ပြုချက် လိုင်စင်နဲ့ လုပ်ဆောင်နေတဲ့ သတင်းဌာနပါ။ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ဆိုင်တဲ့ နှစ် ဘက် တပ် သတင်းတွေကို မှန်မှန်ကန်ကန် တင်ပြနေတာပါ”ဟု ပြောဆိုသည်။

မတ်လ ၁၀ ရက်နေ့ ည ၁၁ နာရီခန့်က ကိုမင်းမင်းတို့ နေထိုင်ရာ အိမ်အမှတ် ၁၀၉၊ မေယုလမ်း၊ ဓညဝတီ ရပ်ကွက်၊ စစ်တွေမြို့ နေ အိမ်တွင် အသံဗုံးဟု ရဲတပ်ဖွဲ့က ယူဆထားသည့် ဗုံးတလုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တွေ မြို့မ ရဲစခန်းမှ ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၃ နှင့် အမှုဖွင့်ထားကြောင်း စစ်တွေမြို့နယ် စခန်းမှူး ရန်နိုင်လတ်က ပြောကြားသည်။

“ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျနော်တို့ စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဘယ်လို စစ်ဆေးဆောင်ရွက်နေတယ် ဆိုတာကိုတော့ အခု မပြောနိုင်သေးပါဘူး။ ဒီအသံဗုံးဆိုတာက အလွယ်တကူတော့ ဝယ်လို့ရတယ်၊ မရဘူးဆိုတာတော့ ကျနော် မပြောနိုင်ဘူးပေါ့။ ဒါပေမယ့် နည်းပညာပိုင်း နားလည်တဲ့သူတွေကတော့ ဒါမျိုး လုပ်နိုင်တာပေါ့”ဟု စခန်းမှူး ရန်နိုင်လတ်က ဆိုသည်။

အသံဗုံးဟု ယူဆရသည့် ဗုံးသည် နေအိမ်နှင့် အုတ်နံရံခြံစည်းရိုး ကြားထဲတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဗုံးပေါက်ကွဲရာတွင် ထွက်ပေါ်လာသည့် အသံကို အနီးပတ်ဝန်းကျင်အိမ်များက သဲသဲကွဲကွဲ ကြားသိခဲ့ကြကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် အုတ်နံရံခြံ စည်း ရိုးများ၊ နေအိမ်အုတ်နံရံများနှင့် နီးစပ်သည့် နှစ်ရှည်ပင်တချို့တွင် အပေါက်ရာများ ဖြစ်ပွားခဲ့သော်လည်း ကြီးကြီးမားမား ပြိုကျပျက်စီးခဲ့ခြင်း မရှိကြောင်း ရဲစခန်း ထွက်ဆိုချက်ကို ကိုမင်းမင်းက ပြန်လည် ပြောကြားသည်။

ဗုံးမပေါက်ကွဲခင် ရက် ၂၀ ခန့်ကတည်းက နေအိမ်တွင် လူနေထိုင်ခြင်း မရှိခဲ့သည့်အတွက် မည်သူ တဦးတယောက်မှ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိဟုလည်း ဆိုသည်။

စခန်းမှူး ရန်နိုင်လတ်က“ကျနော်တို့တွေလဲ ဒီအမှုကို စိတ်ဝင်စားပါတယ်။ နောက်ပြီး ဖြစ်နိုင်ခြေရှိတာတွေကို အားလုံးကို စစ်ဆေးနေ ပါတယ်။ ကိုမင်းမင်း နေအိမ်က အရင်က ဘက်ထရီလုပ်ငန်း လုပ်ဖူးခဲ့တာဆိုတော့ အဲဒါတွေကြောင့် ဖြစ်တာလား ဆိုတာမျိုးတွေအထိ ကျနော်တို့ ဖြစ်နိုင်ခြေရှိတာ အားလုံးကို စဉ်းစားပြီး စစ်ဆေးနေပါတယ်”ဟု ပြောဆိုသည်။

Loading