သတင်း

မြစ်ဆုံရေကာတာ စီမံကိန်း ၇ ခု ထာဝရရပ်ဆိုင်းရန် ကချင်ဒေသခံများ တောင်းဆို

This article has been converted from Zawgyi One to Unicode

ကချင်ပြည်နယ် လူမှုအဖွဲ့အစည်းများနှင့် ဒေသခံအဖွဲ့ ၃၀ ကျော်က ကချင်ပြည်နယ်ရှိ မြစ်ဆုံရေကာတာ စီမံကိန်း ၇ ခုကို ထာဝရ ရပ်ဆိုင်းပေးရန် မတ်လ ၁၄ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများ ထိန်းသိမ်းရေးနှင့် ရေကာတာ ဆန့်ကျင် ရေးနေ့တွင် ကြေညာချက် ထုတ်ပြန် တောင်းဆိုသည်။

မြစ်ဆုံရေကာတာ ရပ်တန့်စေရေးအတွက် မတ်လ ၁၄ ရက်က ကချင်ပြည်နယ်ဒေသခံများက မြစ်ဆုံထာဝရ စီးဆင်းရမည်ဟု ကြွေးကြော်ပြီး ဆန္ဒထုတ်ဖော်ကြကြောင်း ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့မှ ဒေါ်အားနန်က ပြောသည်။

နိုင်ငံတဝန်းရှိ ပြည်သူများဆန္ဒအရ မြစ်ဆုံရေကာတာကို လုံးဝ မဆောက်လုပ်သင့်ကြောင်း၊ ယခင် သမ္မတ ဦးသိန်းစိန် ရပ်ဆိုင်းထား သည့် မြစ်ဆုံရေကာတာကို အစိုးရသစ်လက်ထက်တွင် ပြန်မလုပ်ဆောင်ရန် တောင်းဆိုကြောင်း ဒေါ်အားနန်က ဆက်ပြောသည်။

“စီမံကိန်းက မြစ်ဆုံရေကာတာ တခုတည်း မဟုတ်ဘူး။ အထက်ပိုင်းမှာရှိတဲ့ ကျန်တဲ့ ၇ ခုကို လုံးဝ ရပ်တန့်ဖို့ တောင်းဆိုတယ်။ ဒီရေကာတာလုပ်ဖို့ ထောင်ချီ ရွှေ့ပြောင်းခံရတဲ့ ဒေသခံတွေရဲ့ စားဝတ်နေရေးပြဿနာ လယ်မြေဆုံးရှုံးတာတွေ ဒီအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်”ဟုလည်း ဒေါ်အားနန်က ပြောဆိုသည်။

မြစ်ဆုံရေကာတာ စီမံကိန်းများသည် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို ပိုမိုတွန်းအားပေးနေသည့်အပြင် အစိုးရ စစ်တပ်က နယ်မြေလုံခြုံရေးအကြောင်းပြုပြီး နယ်မြေများကို တိုးချဲ့လာခြင်းကြောင့် လက်ရှိငြိမ်းချမ်းရေးကို ထိခိုက်ကြောင်း ကြေညာ ချက်တွင်လည်း ဖော်ပြထားသည်။

၂၀၁၀ ပြည့်နှစ်မှစပြီး မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် အတင်းအဓမ္မ ရွှေ့ပြောင်းခံရသော ထောင်ချီဒေသခံများသည် အသက်မွေးဝမ်းကျောင်း အိုးအိမ်များ၊ လယ်ယာမြေများ ပျက်စီးဆုံးရှုံးခဲ့ရပြီး လက်ရှိအချိန်ထိ အာမခံချက်မရှိဘဲ အသက်မွေးဝမ်းကျောင်း ပြန် လည် ထူထောင်ရန် ခက်ခဲနေကြောင်းလည်း ကြေညာချက်တွင် ပါရှိသည်။

ရွှေ့ပြောင်းခံခဲ့ရသည့် မြစ်ဆုံဒေသခံ ဒေါ်ဂျာခေါန်က“ကျမတို့ ပြောင်းရွှေ့ခံရ တဲ့သူတွေ လုပ်ကိုင်စားသောက်ဖို့ ခက်တယ်။ ဒီမှာအလုပ်အကိုင် မရှိဘူး။ လုပ်ကိုင်စားသောက်ဖို့ လယ်မရှိဘူး၊ ယာမရှိဘူး။ ဝမ်းစာ အတွက် ခက်ခဲနေတယ်။ ကျမတို့ အလုပ်မရှိ ဝင်ငွေ မရှိတော့ ကလေးတွေရဲ့ ကျောင်းစရိတ်ကို ထိခိုက်လာပါတယ်”ဟု ပြောသည်။

နှစ် ၅၀ အတွင်း ပထမဦးဆုံး ပြန်လည်ပေါ်ပေါက်လာသည့် အရပ်သား အစိုးရက မြစ်ဆုံစီမံကိန်းအား ထာဝရ ရပ်တန့်ရေး လုပ်ဆောင် ပေးရန် မျှော်လင့်နေကြကြောင်းလည်း ကချင်ဒေသခံများက ပြောဆိုသည်။

ရွေးကောက်ပွဲအနိုင်ရ၍ အစိုးရဖွဲ့နိုင်ပါက မြစ်ဆုံရေကာတာ စီမံကိန်းကို ပြည်သူလူထုထံ ချပြမည်ဟု အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ မဲဆွယ် စည်းရုံးရေး သွားစဉ်က ပြောဆိုထားသည်။

စစ်အစိုးရလက်ထက်က မြစ်ဆုံစီမံကိန်းကို တရုတ်အစိုးရပိုင် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ (CPI) နှင့် ပူးပေါင်းလုပ်ဆောင် ရန် ၂၀၀၆ ခုနှစ်မှ စတင်၍ သဘောတူလက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ပြည်သူ လူထု ၏ အပြင်းအထန် ဝေဖန်မှုကြောင့် ယင်း စီမံကိန်းကို ရပ်ဆိုင်းပေးခဲ့သည်။

Loading