အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ရွေးကောက်တင်မြှောက်ထားသော သမ္မတဦးထင်ကျော် ဦးဆောင် ဖွဲ့စည်းမည့် NLD ဗဟိုအစိုးရအဖွဲ့တွင် ပြင်ပ ပညာရှင်များနှင့် ဌာနဆိုင်ရာ လုပ်ငန်းကျွမ်းကျင်သူ အများစု ပါဝင် မည်ဟု သိရှိထားကြောင်း NLD ဗဟိုသုတေသနလမ်းညွန်အဖွဲ့ အတွင်းရေးမှူး ကိုမျိုးရန်နောင်သိမ်းနှင့် NLD လွှတ်တော်အမတ်များက ဧရာဝတီသို့ ပြောဆိုသည်။
NLD က ဖွဲ့စည်းမည့် အစိုးရအဖွဲ့တွင် အချို့သော ဝန်ကြီးဌာနများကို ဖျက်သိမ်းခြင်း၊ ပေါင်းစည်းခြင်း များ ပြုလုပ် သွားမည်ဖြစ်ပြီး လက်ရှိ ရှိနေသော ဝန်ကြီး ၃၆ ခုကို ဝန်ကြီးဌာန ၂၀ ဝန်းကျင်အထိ လျော့ချသွား မည်ဖြစ် ကြောင်း ၊ အစိုးရအဖွဲ့တွင် NLD ပါတီဝင်နှင့် ဗဟိုအလုပ်အမှုဆောင်တချို့ သာ ပါဝင်နိုင်ဖွယ်ရှိသော်လည်း အများစု မှာ ပြင်ပမှပညာရှင်များနှင့် ဌာနဆိုင်ရာ လုပ်ငန်းကျွမ်းကျင်သူ အများစု ပါဝင်မည်ဖြစ်ကြောင်း သိရှိရ သည်။
“အခု ကျနော်တို့ NLD က ဖွဲ့မယ့် အစိုးရက အမျိုးသမီးတွေ၊ တိုင်းရင်းသားတွေ ပါကောင်း ပါနိုင်တယ်။ ဒါပေမယ့် အမျိုးသမီးတွေ၊ တိုင်းရင်းသားတွေ ပါဝင်ရမယ်ဆိုတဲ့ ဦးစားပေးမူမျိုးမဟုတ်ဘူး။ ဘယ်သူ လုပ်နိုင်သလဲ။ တာဝန် ထမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိသလား။ လုပ်နိုင်သလား ပေါ်မှာ မူတည်ပြီး အဓိက စဉ်းစားထားတာလို့ သိ ထား တယ်။ အဲဒီတော့ အမျိုးသမီးလည်း ပါကောင်းပါနိုင်တယ်။ တိုင်းရင်းသားလည်း ပါနိုင်တယ်။ လုပ်နိုင်တဲ့ အရည်အချင်း ရှိသူတွေ အစိုးရအဖွဲ့မှာ ပါမယ်။ ကျနော်သိထားသလောက်တော့ ပြင်ပ ပညာရှင်တွေနဲ့ လုပ်ငန်း ကျွမ်းကျင်သူတွေ အများစု အစိုးရအဖွဲ့ထဲမှာ ပါမယ်” ဟု ကိုမျိုးရန်နောင်သိမ်းက ပြောသည်။
NLD လွှတ်တော်အမတ်တချို့ကမူ အစိုးရအဖွဲ့တွင် NLD ဗဟိုအလုပ်အမှုဆောင်တချို့ ပါဝင်နိုင်ဖွယ်ရှိ နေေ ကြာင်း၊ လွှတ်တော်ရေးရာ ကော်မတီများတွင် ပါဝင်ခြင်းမပြုဘဲ ချန်လှပ်ထားသော လွှတ်တော်ကိုယ်စားလှယ် တချို့လည်း အစိုးရအဖွဲ့တွင် ပါဝင်ဖွယ်ရှိသည်ဟု ဆိုသည်။
“ဒေါက်တာမျိုးအောင်ဆိုရင် လွှတ်တော်အမတ်၊ ပါတီဗဟိုအလုပ်အမှုဆောင် ဖြစ် ပေမယ့် ရေးရာ ကော်မတီ တွေမှာလည်း မပါတော့ အရင်တုန်းက သမ္မတဖြစ်နိုင်တယ်ဆိုပြီးပြောခဲ့ကြတယ်။ အခုလည်း ဝန်ကြီးစာရင်းမှာ လည်း ပါနိုင်တယ်ဆိုပြီး ခန့်မှန်းနေကြတယ်။ နောက်တခါ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်တဲ့ ဒေါ်ခင်ဌေးကြွယ် လည်း ပါမယ်လို့ သတင်းတွေကြားထားတယ်။ ဒေါက်တာအောင်သူ ဆိုရင်လည်း အရင် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဟောင်းဖြစ်ခဲ့တော့ အစိုးရအဖွဲ့မှာ ပါဖို့များတယ်ပေါ့။ ခန့်မှန်းချက်တွေကတော့ စထွက်နေပြီ” ဟု NLD လွှတ်တော်အမတ်တဦးက ပြောသည်။
NLD အစိုးရအဖွဲ့သည် သမ္မတဦးသိန်းစိန်အစိုးရထံမှ အာဏာ လွှဲပြောင်းယူပြီးနောက် ပထမဦးဆုံး စတင် လုပ်ဆောင်မည့် အလုပ်မှာ ယခင်အစိုးရလက်ထက် လုပ်ဆောင်ခဲ့သော လုပ်ငန်းဆောင်တာများအားလုံးကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း သိရှိရသည်။
NLD စီးပွားရေးကော်မတီ၏ အကြံပေးဖြစ်သူ ဒေါက်တာမောင်မောင်စိုးက “အစိုးရသစ်တက်ပြီး ရက်ပေါင်း ၁၀၀ လို့ခေါ်တဲ့ ဟန်းနီးမွန်းကာလမှာအဓိက လုပ်မှာက အရင်အစိုးရ လုပ်ခဲ့တာတွေအားလုံးကို ပြန်သုံးသပ်မယ်။ သုံးသပ်ရင်း အလုပ်တွေဆက်လုပ်မှာ။ သုံးသပ်မယ်ဆိုပေမယ့်လည်း ကောင်းတာတွေ ယူပြီး ပြင်သင့်တာတွေ ပြင်မယ်။ အရင်အစိုးရ လုပ်ခဲ့လို့ ဆိုပြီး အကုန် ဖျက်သိမ်းတာမျိုးလည်း မလုပ်ဘူး။ Learning and Doing သင်ရင်း လုပ်မယ်။ လုပ်ရင်း သင်မယ်။ အားလုံးက ကိုယ်ကျိုး အတ္တဆိုတာလည်း မရှိတဲ့အတွက် စေတနာ တခုနဲ့ပဲ လုပ်ရင်တောင် လုပ်ငန်းတွေက တဝက်အောင်မြင်ပြီလို့ ပြောလို့ရတယ်။ ရက် ၁၀၀ မှာတော့ ဘာမှ ကြီးကြီးမားမား ပြောင်းလဲမှု မလုပ်နိုင်ဘူး။ ဒါပေမယ့် အားလုံးကို ပြန်သုံးသပ်မှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
NLD နှင့်နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်တချို့လည်း အစိုးရအဖွဲ့တွင် ပါဝင်နိုင်ဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း ဧရာဝတီက ယင်းသတင်းကို သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။
မတ်လ (၁၇) ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် NLD အစိုးရအဖွဲ့တွင် ပါဝင်မည့် ဝန်ကြီးအရေအတွက်၊ ဝန်ကြီးဌာနအရေအတွက်နှင့် အမည်များကို အတည်ပြုထုတ်ပြန်ကြေညာမည်ဖြစ်သည်။