ဧရာဝတီမြစ်ရေ တိုက်စားခြင်းကြောင့် မြစ်ကမ်းပြိုမှု ကြုံတွေ့နေရသော ပဲခူးတိုင်း ပြည်မြို့ အနောက်ဘက်ကမ်းရှိ ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာ အုပ်စုပိုင် စမ်းပေါက်ချောင်း ကျေးရွာမှ နေအိမ် ၃၀ နီးပါး ရွှေ့ပြောင်းရန် မြေနေရာအခက်အခဲ ဖြစ်နေကြောင်း သိရသည်။
လတ်တလောတွင်လည်း မြစ်ကမ်းပြိုမှုတချို့ရှိနေပြီး လာမည့်မိုးရာသီကာလတွင် ယင်းနေရာသည် မြစ်ကမ်းပြိုမှုဖြစ်လာရန် သေချာ သည့် အခြေအနေဖြစ်နေ၍ အဆိုပါ လူနေအိမ်များ မဖြစ်မနေပြောင်းရွှေ့ရန် လိုအပ်သောကြောင့် ဒေသခံများက မြေနေရာ အစား ပေးရန် သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူများထံသို့ တောင်းဆိုသော်လည်း မရရှိသည့်အတွက် အခက်အခဲကြုံနေရခြင်း ဖြစ်ကြောင်း စမ်းပေါက်ချောင်းကျေးရွာသား ကိုကျော်ထူး က ဧရာဝတီကို ပြောသည်။
“မပြောင်းမဖြစ် ပြောင်းရမယ့်အိမ်က ၂၈ လုံး ရှိတယ်။ သက်ဆိုင်ရာ အကူအညီတောင်းတော့ ရွာအနီးနားက လယ်မြေတွေကို ကိုယ့် အစီအစဉ်နဲ့ကိုယ်ဝယ်ပြီး ပြောင်းနေကြပါတဲ့။ အိမ်ရာမြေကွက်အဖြစ် သူတို့က တရားဝင် လုပ်ပေးမယ်ဆိုတာပဲ ပြောတယ်။ လယ်မြေတွေဝယ်ဖို့ညှိတော့ ဈေးတွေက အရင်ကထက် အဆမတန် ကွာနေတယ်။ အန္တရာယ်ရှိနေပေ့မယ့် မြေမရှိလို့ ဒီအတိုင်းပဲ ဆက်နေနေရတယ်”ဟု ဆင်တဲတိုးချဲကွက်သစ် ဖြစ်သော စမ်းပေါက်ချောင်း ကျေးရွာသား ကိုကျော်ထူးက ပြောပြသည်။
ပန်းတောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ထွေးက မြေနေရာအစားပြန်ပေးရန် အစိုးရဌာနပိုင် မြေနှင့် ပိုင်ရှင်မဲ့မြေများ မရှိခြင်းကြောင့် မြေနေရာ အစား မပေးနိုင်ခြင်းဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“မြေနေရာပေးပါဆိုတော့ ကျနော်တို့က ကိုယ်စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေပဲ စီမံခန့်ခွဲတာ။ တခြားတယောက်ရဲ့ ပုံစံ ၇ ထွက်ပြီးသားကို သွားလုပ်လို့ မရဘူး။ လွယ်လွယ်ပြောရရင် ဘယ်သူမှ မပိုင်တဲ့မြေကို ကျနော်တို့ စီမံလို့ရတယ်။ အခုအချိန်က ရေတက်တဲ့အချိန် မဟုတ်သေးဘူး။ ကိုယ့်အန္တရာယ်ကို သိကြတာပဲ။ ဒါကြီးပြိုတော့မှာမိုလို့ မြေပေးပါဆိုရအောင် အစိုးရဌာနဆိုပေမယ့် ကျနော်တို့ပိုင်တဲ့မြေ မရှိဘူး”ဟု ဦးဝင်းဇော်ထွေးက ဧရာဝတီကို ပြောပြသည်။
ပန်းတောင်းမြို့နယ် စမ်းပေါက်ချောင်း ကျေးရွာတွင် အိမ်ခြေ ၄၉ လုံးရှိ၍ လူဦးရေ ၂၀၀ နီးပါးနေထိုင်ပြီး လတ်တလော မြစ်ကမ်းပြိုမှုကြောင့် ပြောင်းရွှေ့ထားသည့် အိမ် ၄ လုံးရှိကြောင်း၊ ဆက်လက်ပြောင်းရွှေ့ရန် အိမ်ခြေ ၂၈ လုံးရှိကြောင်းနှင့် ဒေသခံအများစုသည် တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသူများဖြစ်ကြောင်း သိရသည်။