အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သော လွှတ်တော်က ရွေးချယ်လိုက်သည့် အရပ်သား သမ္မတ နှင့် ဒု သမ္မတ များကို အပစ်မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်ရပ်ထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ထောက်ခံ ကြိုဆိုကြောင်း ပြောဆိုကြသည်။
သမ္မတ ဦးသိန်းစိန်အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ် မထိုးရသေးသော တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က NLD အစိုးရသစ် လက်ထက်တွင် ယခုတင်လိုက်သည့် သမ္မတများသည် ဒီမိုကရေစီနှင့် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးကို အထောက် အကူဖြစ်မည်ဟု ယုံကြည်ကြောင်း ဧရာဝတီသို့ ပြောသည်။
UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာ က “ဝမ်းသာပါတယ်။ အရပ်သား စစ်စစ် တယောက်ကနေပြီးတော့မှ သမ္မတ ဖြစ်လာတယ်။ နောက်ပြီးှ ပြည်သူအကြိုက် ထောက်ခံမှုနဲ့ ရွေးကောက်ပွဲနိုင်ထားတဲ့ NLD ပါတီရဲ့ ကိုယ်စားလှယ်လည်းဖြစ်တယ်။ အဲဒီအပေါ်မှာ ကောင်းတဲ့ အလားအလာလို့ ကျနော်တို့ မြင်တယ်။ ဒီမိုကရေစီနဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို အကောင်အထည် ဖော်နိုင်ဖို့ အတွက် အထောက်အကူဖြစ်လိမ့်မယ်လို့လည်း ယုံကြည်တယ်”ဟု ပြောဆိုသည်။
နေပြည်တော်၌ မတ်လ ၁၅ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်တွင် သမ္မတ ရွေးချယ်ပွဲကျင်းပခဲ့ပြီး ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၅၂ ဦး တက်ရောက်ခဲ့ပြီး မဲပေးရွေးချယ် ခဲ့ကြရာ NLD က တင်သွင်းသည့် ဦးထင်ကျော်က ထောက်ခံမဲ ၃၆၀ သမ္မတ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အစု အဖွဲ့က တင်သွင်းသည့် ဦးမြင့်ဆွေက ထောက်ခံမဲ ၂၁၃ နှင့် ဒုတိယ သမ္မတ (၁) ၊ NLD က တင်သွင်းသည့် ဦးဟင်နရီ ဗန်ထီးယူ က ၇၉ မဲဖြင့် ဒုတိယ သမ္မတ(၂) အဖြစ် ရွေးချယ်ခံခဲ့ရသည်။
စစ်ဘက်က ထွက်လာသူ နှစ်ဦးဖြစ်သော NLD က တင်မြှောက်လိုက်သည့် ဦးဟင်နရီ ဗန်ထီးယူနှင့် တပ်မတော်က တင်မြှောက် လိုက် သည့် ဦးမြင့်ဆွေတို့ NLD က သက်ဆိုင်ရာအဖွဲ့များ ဖွဲ့စည်းပြီး ရွေးချယ်လိုက်ခြင်းဖြစ်၍ အထူးဝေဖန်စရာ မရှိကြောင်း၊ လက်ခံ ကြောင်းနှင့် NLD အစိုးရ လက်ထက်တွင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အကောင်အထည်ပေါ်လာမည်ဟု ယုံကြည်ကြောင်း လည်း နိုင်ဟံသာ က ပြောသည်။
နိုင်ဟံသာက“လွန်ခဲ့တဲ့ အချိန်တွေတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားအရပေါ့လေ။ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ကို အဓိကထားပြီးတော့ NCA ထဲမှာ အားလုံးပါဝင်နိုင်ရေးကို ကြိုးပမ်းမယ်ဆိုတဲ့ သဘောထားရှိခဲ့တဲ့ အပေါ်မှာပေါ့နော်။ အဲဒါက အကောင်အထည် ပေါ်လာလိမ့်မယ်လို့ ယုံကြည်တယ်”ဟု ပြောဆိုသည်။
NLD အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးနိုင်ရန် အတွက် UNFC အဖွဲ့ဝင် ၉ ဖွဲ့မှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်း ထားသော နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ (DPN) ကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ အစည်းအဝေး စတင်ပြုလုပ် လျက် ရှိကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန် အစိုးရနှင့် NCA လက်မှတ် ထိုးထားကြသည့် အဖွဲ့များဘက်ကလည်း ရွေးချယ်လိုက်သော သမ္မတ ဦးထင်ကျော် ၊ ဒုသမ္မတများဖြစ်ကြသော ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ တို့ကို ကြိုဆိုကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU) အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း ကလည်း ဧရာဝတီသို့ ပြောသည်။
ပဒိုစောကွယ်ထူးဝင်း က“သမ္မတ ရွေးတယ်ဆိုတာက လူပုဂ္ဂိုလ်ကိုကြည့်တာထက် တာဝန်ထမ်းဆောင်နိုင်တဲ့ အနေအထား နောက်ပြီး တော့ အရည်အချင်းပေါ့နော်။ နောက်ပြီးတော့ NLD ကရှိတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရည်မှန်းပြီးတော့ ရွေးချယ်တဲ့ သဘော ဖြစ်ပါတယ်။ ကျနော်တို့ကတော့ တိုင်းပြည်အပေါ် စေတနာရှိပြီး နိုင်ငံတော်အကျိုးအတွက် ထမ်းဆောင်နိုင်မယ့် ပုဂ္ဂိုလ် ဆိုလို့ရှိရင် အကုန်လုံး လက်ခံတာပါပဲ”ဟု ဆိုသည်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အရေးကိုလည်း နောက် တက်လာမည့် အစိုးရသစ်တွင် တာဝန်ရှိသကဲ့သို့ ဦးသိန်းစိန် အစိုးရနှင့် NCA ရေးထိုးခဲ့သော လက်နက်ကိုင် အဖွဲ့များတွင်လည်း တာဝန်ရှိကြောင်း တနိုင်ငံလုံး အပစ်ရပ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပဒိုစောကွယ်ထူးဝင်း က ပြောဆိုသည်။