၂၀၁၆ ခုနှစ် သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များအနီး၌ အရက်နှင့်ဘီယာများ ရောင်းချပါက ထိရောက်သည့် အရေးယူမှုများပြုလုပ်မည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနမှူး ဦစိုးလင်း က ပြောသည်။
သင်္ကြန်အလှပြမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များ အနီးတဝိုက်တွင် အရက် ဘီယာရောင်းချမှုများကို တင်းတင်းကျပ်ကျပ် တားမြစ် ထားပြီး မဏ္ဍပ်များအနေဖြင့်လည်း အစိုးရအဖွဲ့က သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ကြောင်း၊ ဆေး လိပ်၊ အရက်နှင့် ဘီယာကြော်ငြာများ ကပ်ခြင်း၊ ချိတ်ဆွဲခြင်းများ ပြုလုပ်ပါက ချက်ချင်းဖြုတ်ယူသိမ်းဆည်းပြီး တရားစွဲဆိုခြင်း နှင့် ဒဏ်ငွေချမှတ်ခြင်း စသည့် အရေးယူမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
ဦးစိုးလင်း က“မဏ္ဍပ်တွေနဲ့ မဏ္ဍပ်တွေအနီးမှာ အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါးတွေ ရောင်းချခြင်း၊ ကြော်ငြာအသွင်နဲ့ ချိတ်ဆွဲခြင်း တွေ ကို ထိထိရောက် ရောက် အရေးယူမှုတွေ ပြုလုပ်သွားမယ်။ မဏ္ဍပ်ဆောက်ခွင့်ရ ဧရိယာအတွင်းမှာ မဏ္ဍပ်နဲ့အိမ်သာကလွဲပြီး အခြား အပိုအဆောက်အအုံ ဆောက်လုပ်ခြင်းနဲ့ အရက်သေစာ ရောင်းချခြင်းကိုလည်း ခွင့်ပြုပေးမှာမဟုတ်တဲ့အတွက် စစ်ဆေးတွေ့ရှိခဲ့မယ် ဆိုရင်လည်း အရေးယူမှုတွေ ပြုလုပ်သွားမယ်။ မဏ္ဍပ်ဆောက်လုပ်ခွင့် ရရှိကြသူတွေအားလုံး တင်းကျပ်စွာ တားမြစ်ထားတဲ့ သတ်မှတ်ချက်တွေကို ဖောက်ဖျက်ခဲ့မယ်ဆိုရင် Black List ရေးသွင်းပြီး လိုအပ်သလို အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားပါမယ်”ဟု ပြောဆိုသည်။
သင်္ကြန်ကာလတွင် လူငယ်အများစုသည် အရက်သေစာများ သောက်စား၍ ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပွားလေ့ရှိသဖြင့် ယခုကဲ့သို့ တားမြစ်ရခြင်း ဖြစ်ကြောင်း၊ မဏ္ဍပ်များ၌ လိုအပ်သည့်လုံခြုံရေးများအား အပြည့်အဝချထားရန် မဏ္ဍပ် တည်ဆောက်မည့်သူများကို အသိပေးထားပြီး ဖြစ်ကြောင်း၊ နန်းမြို့ရိုး ကျုံးပတ်လည်ရှိ ရေကစားမဏ္ဍပ်များကို ယခင်နှစ်များက ရေဂါလန် သန်း ၆၀ ခန့် အသုံးပြုခွင့်ပေးခဲ့သော်လည်း ယခုနှစ်တွင်ရေဂါလန် သန်း ၃၀ သာ သုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ရေကစားချိန်ကို ယခင်နှစ်ထက် ၂ နာရီ လျှော့ချထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်း ကလည်း ရှင်းပြ သည်။
၂၀၁၆ ခုနှစ် ဧပြီလတွင် ကျရောက်မည့် သင်္ကြန်ကာလ အတွင်း မန္တလေးမြို့နှင့် အနီးတဝိုက်တွင် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်မည့် သူများသည် ကျပ် သိန်း၂၀ ကို အာမခံငွေအဖြစ် တင်သွင်းရမည်ဖြစ်ကြောင်း၊ သတ်မှတ်စည်းကမ်းများ ဖောက်ဖျက်ပါက အာမခံငွေ ကျပ် သိန်း၂၀ မှ ခုနှိမ်ဒဏ်ရိုက်ခြင်း၊ တရားစွဲဆိုခြင်းနှင့်အရေးယူခြင်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ က သတင်းထုတ်ပြန် ကြေညာထားသည်။
မန္တလေးတိုင်းဒေသကြီး၏ မှုခင်းဖြစ်ပွားမှုတွင် သင်္ကြန်ကာလသည် မှုခင်းဖြစ်စဉ် အများဆုံးဖြစ်ပွားသည့်လတွင် ပါဝင်ပြီး အရက် သေ စာသောက်စားမှုများကြောင့် ခိုက်ရန်ဖြစ်ပွားမှု အများဆုံး ဖြစ်ပွားလေ့ရှိကြောင်း၊ သင်္ကြန်ကာလအတွင်း ပျော်ရွှင်စွာ သွားလာခြင်း သည် အန္တရာယ်မရှိသော်လည်း မူးယစ်ဆေးဝါးနှင့် အရက်သေစာများကြောင့် မှုခင်းများဖြစ်ပွားနိုင်သလို ရိုးရာသင်္ကြန်ကို အကျည်း တန် စေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး မောင်သင်းက ပြောဆိုသည်။
ထို့ကြောင့် သင်္ကြန်မဏ္ဍပ်များအတွင်း၌ မလိုလားအပ်သော ပြဿနာများဖြစ်ပွားမှု မရှိစေရေးအတွက် လိုအပ်သည့်လုံခြုံရေးများ အပြည့်အဝ ချထားရန်နှင့် သတ်မှတ်စည်းကမ်းများကို လိုက်နာကြရန် မဏ္ဍပ်တည်ဆောက်သူများအား အသိပေးထားကြောင်းလည်း ဆိုသည်။
ထို့နည်းတူ မန္တလေးမြို့တော်ဝန် ရေကစားမဏ္ဍပ် တည်ဆောက်မှုနှင့် အထွေထွေသုံးစွဲမှုများအတွက် ကျပ် သိန်း ၄၅၀၀ သုံးစွဲသွားမည်ဖြစ်ရာ ကုန်ကျစရိတ်သည် ယခင်နှစ်ထက် သိန်း ၅၀၀ ခန့် ပိုများကြောင်း၊ ကုန်ကျစရိတ်ကို မန္တလေးအစိုးရအဖွဲ့နှင့် စည်ပင် သာယာရေး ကော်မတီ က တဝက်စီ ကုန်ကျခံမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြို့တော်ဝန်မဏ္ဍပ် ဖွင့်ပွဲနှင့် ပိတ်ပွဲများအတွက် ကျောင်းသူ ဦးရေ ၁၅၀၀ ခန့် နှင့် ကျင်းပသွားမည်ဟုလည်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကေ်ာမတီက ပြောသည်။
“မနှစ်က လုံခြုံရေး၊ အလှပြယာဉ်တွေနဲ့ ပြင်ပ ကုန်ကျစရိတ်တွေကို စည်ပင်သာယာက အကုန်ကျခံရတာ၊ အရင်နှစ်တွေက အဲဒီ ကုန်ကျစရိတ်တွေ အတွက် လုပ်ငန်းရှင်တွေဆီက အလှူခံတယ်၊ ဒီနှစ် ဘယ်လုပ်ငန်းရှင်ထံကမှ အလှူမခံတော့ဘူး။ ဒါကြောင့် ဒီနှစ် မှာ သိန်း ၅၀၀ ပိုသုံးရတာပါ။ မြို့မိမြို့ဖတွေဆီက အလှူခံမယ်ဆိုရင် ထည့်ကြပါတယ်။ ဒီနှစ်မှာ အလှူမခံတော့ဘူးဆိုတော့ လိုအပ် ချက်ရှိလာမှာဖြစ်တာကြောင့် ဘဏ္ဍာငွေသုံးစွဲမှုကို တိုးမြှင့်လိုက်တာပါ”ဟု မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။
၎င်းက ဆက်လက်၍ “ဒီနှစ်မှာ ထူးခြားတာကတော့ ရေကစားချိန် လျှော့ချထားသလို ရေသုံးစွဲမှုတွေကိုလည်း လျှော့ချထားပါတယ်။ သင်္ကြန်ကာလအတွင်း ရေကစားဖို့ နေ့စဉ် ရေဂါလန် ၁၀ သန်း လောက်ကုန်တယ်။ ရေသုံးစွဲမှု လျှော့ချနိုင်ဖို့အတွက် ရေကစားချိန် လျှော့ချသလို တစ်နိုင်တစ်ပိုင် ရေစုပ်စက်တွေနဲ့ မိသားစုလိုက် ရေကစားတာကိုလည်း ခွင့်ပြုပေးမှာ မဟုတ်တော့ပါဘူး”ဟုလည်း ပြောဆိုသည်။
ထိုသို့ ပြုလုပ်ရခြင်းသည် ယခုနှစ် မဟာသင်္ကြန်ကာလတွင် အယ်လ်နီညို ရာသီဥတုကြောင့် ရေပြတ်လပ်မှု မရှိစေရေးနှင့် ရေကစားကြမည့်သူများ အနေဖြင့် မလိုလားအပ်သော ကျန်းမာရေး ပြဿနာများ ဖြစ်ပွားမှုမရှိစေရေးအတွက် ပြုလုပ်ရခြင်းဖြစ်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။