မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်ရှိ နေအိမ်တအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသည့် အသက် ၁၄ နှစ်အရွယ် ကလေးငယ်ကို ရိုက်နှက် နှိပ်စက်သည့် အိမ်ရှင်လင်မယားအား မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
လက်ရှိတွင် ကလေးငယ်ကို ရိုက်နှက်နှိပ်စက်သည့် အိမ်ရှင်ဖြစ်သူ ဒေါ်ကြည်ကြည်လင် နှင့် ခင်ပွန်းကို မတရား ညှင်းပန်းနှိပ်စက်မှု ပုဒ်မ ၃၄၁ နှင့် ထိခိုက်နာကျင်စေမှု ပုဒ်မ ၃၂၃ အရ မတ်လ ၁၆ ရက်နေ့က အမှုဖွင့်လိုက်ကာ ဖမ်းဆီးစစ်ဆေးမှု ဆက်လက် လုပ်ဆောင်မည်ဟု သိရသည်။
“အရွယ် မရောက်သေးသည့် ရှမ်းတိုင်ရင်းသူပါ။ အသက်က ၁၄ နှစ်လို့ သိရတယ်။ စကားပြန်ပြောတာက အိမ်ရှင်က လူမျိုးခြား သူဌေးတွေ။ အိမ်ရှင်ရဲ့အစ်မက ခေါ်လာပြီး အိမ်အကူအဖြစ် ပို့ပေးထားတာလို့ သိရတယ်။ အသက်မပြည့်တဲ့ ကလေးငယ်ကို နှိပ်စက်တာ အွန်လိုင်းက Saw Aung ဆိုတဲ့ အကောင့်မှာ တက်လာလို့ ဖော်ထုတ်အရေးယူတာ”ဟု မန္တလေးမြို့ အမှတ် ၁၁ ရဲစခန်းမှူး ရဲအုပ်ဝင်းဗိုလ်က ပြောသည်။
ဆက်လက်၍ ရဲအုပ်ဝင်းဗိုလ်က“ အိမ်ရှင်များက ဒီကလေးမလေးကို ခိုင်းစေတဲ့အခါ အဆင်မပြေတဲ့ အခြေအနေမျိုးတွေမှာ မကြာခဏ ရိုက်နှက်နှိပ်စက်ခံရတယ် ဆိုတာကို သိရတယ်။ သူ့မှာ ဒဏ်ရာလေးတွေလည်း တွေ့ရတယ်။ ဒါကြောင့် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှုတွေ ဆက်လက် လုပ်ဆောင်သွားပါမယ်”ဟု ရှင်းပြသည်။
ရဲတပ်ဖွဲ့၏ ပြောဆိုချက်အရ ရိုက်နှက်နှိပ်စက်ခံရသည့် ကလေးငယ်၏ အမည်မှာ မအေးနန်းဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ တန့်ယန်း-လှိုင်မော်- မန်းပန်းဘက်မှ ဖြစ်ကြောင်း၊ အဆိုပါအိမ်တွင် အိမ်အကူအဖြစ် လာရောက်လုပ်ကိုင်နေသည်မှာ ၄ နှစ် ရှိပြီဖြစ်ကာ မြန်မာစကား မပြောတတ်ကြောင်း သိရသည်။
ကလေးငယ်မှာ အိမ်အကူအဖြစ် လာရောက် လုပ်ကိုင်နေစဉ်အတွင်း မကြာခဏ နှိပ်စက်ခံရကြောင်း၊ အိမ်ရှင်လင်မယားက ကလေးငယ်၏ လက်ဝဲဘက် လက်မောင်းကို တုတ်ဖြင့်ရိုက်ခြင်း၊ အစားအစာ စားရာတွင် အသုံးပြုသည့် တူဖြင့် နားအတွင်းသို့ ထိုးကာ အတင်းအဓမ္မ အလုပ်လုပ်စေခြင်း၊ လူမမြင်နိုင်သည့် နေရာများတွင် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ရာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အမှုအတွက် လိုက်ပါကူညီပေးနေသည့် စကားပြန်အမျိုးသမီးက “အရွယ်က ၁၄၊ လွန်ခဲ့တဲ့ လေးနှစ်ကဆိုတော့ ၁၀ နှစ်အရွယ်ပဲ ရှိသေးတယ်။ အဲဒီမှာ သူအဖေကို ငွေ ၁၀ သိန်းပေးခဲ့တယ်။ ၇ နှစ်စာ အိမ်အကူလုပ်ဖို့ အတွက်လို့ အိမ်ရှင်က ပြောလို့သိရတယ်။ တိုင်းရင်းသား တိုင်းရင်းသူတွေက စာလည်းမတတ် မြန်မာစကားလည်း မတတ်ဆိုတော့ ဘယ်သူ့ကိုမှ မပြောရဲဘူး။ အခုလို ခံနေရတာကို တခြားသူတွေမြင်လို့၊ လှုပ်လှုပ်ရှားရှား မန္တလေးသတင်းမှာ တက်လာလို့ အရေးယူတာ။ အခုလို ကလေးတွေ မန္တလေးသူဌေးအိမ်တွေမှာ အများကြီးရှိတယ်” ဟု ပြောသည်။
လက်ရှိတွင် ကလေးငယ်ကို မြို့သစ် (၁) ရပ်ကွက် ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ယူမေးမြန်းခဲ့ပြီး ချမ်းမြသာစည်မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းနှင့် အတူ မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ကာ လိုအပ်သည့် ဆေးဝါးကုသမှုများ ပြုလုပ်နိုင်ရန် စီစဉ်ပေးထားသည်ဟု မန္တလေးရဲတပ်ဖွဲ့ထံမှ သိရသည်။
“လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရဲ့ အခြေအနေတွေကြောင့် အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေဟာ လုပ်ငန်းခွင်တွေ ထဲရောက်နေတာမျိုးတွေ၊ မိန်းကလေးငယ်တွေဆိုရင် အိမ်အကူအဖြစ် လုပ်ကိုင်နေကြရတာတွေကို မြင်တွေ့နေရတယ်။ နေ့စဉ်ဆိုသလို မြို့ကြီးတွေမှာရှိတဲ့ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ ဘီယာဆိုင်တွေမှာလည်း အရွယ်မရောက်သေးတဲ့ ယောကျာ်လေး၊ မိန်းကလေးစတဲ့ ကလေးသူငယ်တွေ အလုပ်လုပ်နေကြရတာတွေဟာ တိုင်းပြည်အနာဂတ်အတွက် မကောင်းတဲ့ ပုံရိပ်တွေလို့ မြင်မိတယ်” ဟု မြန်မာနိုင်ငံ ကလေးသူငယ်များ အခွင့်အရေး ဖွံဖြိုးတိုးတက်ရေး ကွန်ရက်မှ တာဝန်ရှိသူတဦးက သုံးသပ်သည်။
ထို့သို့ ကလေးသူငယ်များ နှိပ်စက်ခံနေရမှုသည် အစိုးရပိုင်းက ကျူးလွန်သူများကို ထိရောက်သည့် ပြစ်ဒဏ်ပေးနိုင်မှု အားနည်းနေခြင်းက ကလေးသူငယ်များအပေါ် ပြစ်မှု ပိုမိုကျူးလွန်ရန် အခွင့်အရေးပေးနေသည့် သဘော သက်ရောက်နေသည်ဟု မြို့သစ် (၁) ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးသိန်းကျော်က ဆိုသည်။
မန္တလေးမြို့ပေါ်၌ ကလေးသူငယ် ညှင်းပန်း နှိပ်စက်ခံရသည့် အလားတူဖြစ်စဉ်မျိုး ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၃ ရပ်ကွက်တွင် ၂၀၁၅ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့ရာ ကျူးလွန်သည့်အိမ်ရှင်ကို မတရားညှင်းပန်း နှိပ်စက်မှု၊ အတင်းအဓမ္မ ခိုင်းစေမှု နှင့် နာကျင်စေမှုများဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဥပဒေနှင့် ၂၀၀၁ ခုနှစ်တွင် ကလေးသူငယ် နည်းဥပဒေကို ပြဋ္ဌာန်းခဲ့ သော်လည်း ကလေးငယ်များ၏ အခွင့်အရေး ချိုးဖောက်ခံရမှု၊ အကြမ်းဖက်ခံရမှုများနှင့် ကလေးလုပ်သား ပမာဏမှာ ဒေသတွင်း အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အများဆုံးဖြစ်နေကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါ ကလေးသူငယ်များသည် လုပ်ငန်းခွင်အတွင်း လုပ်အားခေါင်းပုံဖြတ်ခံရမှုနှင့် လိင်မှုကိစ္စများအတွက် အသုံးချခံနေရမှုများ ပို၍များပြားလျက်ရှိကာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံရခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့် အစော်ကားခံရခြင်းများကြောင့် လူ့အဖွဲ့အစည်းကြားတွင် ဆက်လက် နေထိုင်ရန် အခက်အခဲများစွာရှိနေကြောင်း နှင့် အစိုးရက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးနိုင်မှု အားနည်းနေသေးကြောင်း ကလေးသူငယ်အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူများက ဝေဖန်ပြောဆိုနေကြသည်။