မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ ခေါဇာမြို့နယ်ခွဲရှိ မကျည်းချောင်းဝရွာ ဒေသခံ ဦးမိုး ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဗိုလ်ကြီး ဇော်မျိုးထက်အား ထိရောက်စွာ အရေးယူပေးရန် ကာယကံရှင်မိသားစုက သမ္မတ နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
“ရဲဘက်ကပြောသလို ဓားပြနဲ့မှားတာ မဟုတ်ဘူး။ အဲဒီ ဗိုလ်ကြီးဆိုတဲ့သူက ဒီရွာကို ရောက်တာ တပတ်ပဲ ရှိသေးတယ်။ ရွာအုပ်ချုပ်ရေးမှူး ဦးခဲ ဆီက ပိုက်ဆံ ၁ သိန်း ၃ သောင်းကျော် ချေးထားတာ။ အဲဒါကို ပြန်မပေးချင်လို့ သတ်တာမှာ ဦးခဲရဲ့ ညီဖြစ်တဲ့ ဦးမိုး ကို လူမှားပြီး သတ်မိတာ။ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်တို့လို လူကြီးတွေကို တင်ပြမယ်။ ကျေအေးမပေးနိုင်ဘူး။ အရေးမယူဘူးလားဆိုတာ သိချင်နေတာ” ဟု သေဆုံးသူ ဦးမိုး၏ မိသားစုကို အကူအညီပေးနေသည့် ဆရာတော် ဦးစန္ဒက က ဧရာဝတီသို့ မိန့်သည်။
မတ် ၁၇ ရက် မနက်ပိုင်းက ကမ်းရိုးတန်းတပ်မှ တာဝန်ရှိသူများ လာရောက်ကာ ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခဲ့သော်လည်း အမှုကို ကျေအေးပေးရန် မရှိကြောင်း၊ သေနတ်ဖြင့် ပစ်သတ်ခံရသူ ဦးမိုးအတွက် တရားမျှတမှု ရှိစေလိုကြောင်း ကာယကံရှင်များထံမှ သိရသည်။
မတ်လ ၈ ရက်နေ့ ည ၁၂ နာရီ က ကမ်းရိုးတန်းတပ် တပ်ရင်းအမှတ် ၂၈၀ မှ ဗိုလ်ကြီး ဇော်မျိုးထက် ဆိုသူက ပင်လယ်ပြင်အတွင်း ငါးဖမ်းရန် အိမ်မှ ထွက်လာသည့် အသက် ၄၈ နှစ် အရွယ် တံငါသည် ဦးမိုး ကို လက်ထောက်ဓားပြ ခေါင်းဆောင် အပေါ့ ဆိုသူ နှင့် မှားယွင်းကာ ပစ်ခတ်မိရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း ခေါဇာမြို့နယ် ရဲတပ်ဖွဲ့ က ပြောဆိုထားသည်။
ရဲတပ်ဖွဲ့၏ ပြောဆိုချက်အရ တပ်ဘက်မှ တာဝန်ရှိသူများက သေနတ်ဖြင့် ပစ်သတ်ခဲ့သူ ဗိုလ်ကြီး ဇော်မျိုးထက် အား ပြန်လည် ခေါ်ဆောင်သွားကြောင်း၊ စစ်တပ်မှ ဖြစ်သည့်အတွက် လူသတ်မှုဖြင့် အမှုဖွင့်ထားသော်လည်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေး မေးမြန်းခြင်း မလုပ်ထားကြောင်း သိရသည်။