သတင်း

တပ်မတော် ထိုးစစ်ဆင်လာ၍ တိမ်းရှောင်နေရဟု TNLA ပြော

This article has been converted from Zawgyi One to Unicode

တပ်မတော်က တပ်အင်အား အများအပြားဖြင့် ထိုးစစ်ဆင်လာသဖြင့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့များ ရွှေ့ပြောင်း တိမ်းရှောင်နေရသည်ဟု TNLA က ဧရာဝတီကို ပြောသည်။

ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်၊ နမ့်ဆမ်မြို့နယ် နှင့် ကွတ်ခိုင်မြို့နယ်များ အတွင်း TNLA နှင့် တပ်မတော်သည် မတ်လ ၂ရက် မှ ၁၅ ရက် အထိ တိုက်ပွဲများ ၁၇ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
TNLA မှ အထွေထွေ အတွင်းရေးမှူး တာဘုန်းကျော်က“မြန်မာ့ တပ်မတော်ဘက်က ကျနော်တို့ နေရာတွေမှာ ထိုးစစ်တွေ တအား တက် လာတယ်။ ကျနော်တို့ တပ်ရင်းတွေ အကုန်လုံး ရွှေ့ပြောင်း နေရတယ်။ တချို့နေရာတွေမှာ သင်တန်းတွေ လုပ်နေတာ ရပ် ထားရတယ်”ဟု ပြောသည်။

TNLA တပ်ဖွဲ့များသည် တနေရာတွင် ၅ ရက်ထက် ပိုနေ၍မရဘဲ ရွှေ့ပြောင်း တိမ်းရှောင်နေရသည်ဟုလည်း ဆိုသည်။

“ကျနော်တို့ မရွှေ့ဘူးဆိုရင် နာရီတိုင်း တိုက်ပွဲဖြစ်မယ့် အနေအထားပါ။ ဘာ့ကြောင့် ဒီလောက် ထိုးစစ်ဆင်နေလဲ။ ကျနော်တို့ဘက် ကရော ဘယ်လောက်ထိ ရွှေ့ပြောင်းနိုင်မှာလဲ။ ကျနော်တို့ ဘက်မှာလည်း စစ်ရေး အခြေအနေကို သုံးသပ်နေတယ်”ဟု တာဘုန်းကျော် က ပြောဆိုသည်။

အစိုးရသစ် အကူးအပြောင်း ကာလတွင် စစ်ရေး ပဋိပက္ခများ ၊ မငြိမ်မသက်မှုများ မရှိစေလိုခြင်းကြောင့် ထိပ်တိုက်ရင်ဆိုင် မဖြစ်ဘဲ အစိုးရသစ် အာဏာ လွှဲပြောင်းပြီးသည်အထိ ရှောင်တိမ်းနေရန် TNLA စစ်ဦးစီးချုပ်ရုံးမှ အောက်ခြေတပ်များကို ညွန်ကြားထား သည်ဟု သိရသည်။

TNLA ၏ ဗိုလ်မှူးချုပ် တားဂျုတ်ဂျာကလည်း“ခန့်မှန်းခြေ အင်အား တသောင်း လောက်တောင် တက်လာတယ်လို့ သတင်းရထား တယ်။ ကျနော်တို့ တခါမှ မကြုံဖူးဘူး ဒီလောက် ထိုးတက်နေတာ။ ဒါ ပထမဦးဆုံး ကြုံဖူးတာပဲ။ တပ်မတော် အနေနဲ့ မရိုးသားဘူးလို့ပဲ ကျနော်ပြောချင်တယ်”ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲ အထက်ရှိ မန်ဂျယ် ကျေးရွာမှ ရွာသူ ရွာသားများ ကို တပ်မတော် က ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟုလည်း ဒေသခံများထံမှ သိရသည်။
မန်ဂျယ်ကျေးရွာ ဒေသခံ တဦးက“ညဘက်မှာ ခေါ်စစ်တာပါ။ TNLA နဲ့ ဆက်သွယ်လားလည်း မေးပါတယ်။ မေးပြီးတော့ ကျနော့် ကိုတော့ ပြန်လွှတ်တယ်။ မလွတ်သေးတဲ့ သူတွေလည်းရှိတယ်”ဟု ဧရာဝတီကို ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံ ၅ ဦး သေနတ်ထိမှန် သေဆုံးမှုဖြစ်ခဲ့ပြီး ဒဏ်ရာရသူ ၂ ဦးကိုမူ ဆေးရုံသို့ ပို့ဆောင် ထားရသည် ဟုလည်း သိရသည်။

အထက်ပါ ဖြစ်ရပ်များနှင့် ပတ်သက်၍ ဧရာဝတီက တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း အစည်းအဝေး တက်နေသဖြင့် ဖြေကြားခြင်း မရှိပါ။

TNLA သည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်အတွင်း တပ်မတော်နှင့် ကိုးကန့်အဖွဲ့ (MNDAA) တိုက်ပွဲများတွင် ကိုးကန့်ဘက်မှ ကူညီတိုက်ခိုက်ပေးခဲ့သဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) ချုပ် ဆိုရာတွင် ချန်လှပ်ခံထားခဲ့ရသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သည်။

ယခုအထိ အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီမှု တစုံတရာ ပြုလုပ်ထားခြင်း မရှိသေးပေ။

TNLA ကို ၁၉၉၂ ခုနှစ် ဇန်နဝါရီလတွင် စတင် တည်ထောင်ခဲ့ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မန်တုံ၊ မန်ဆန်၊ မန်းပန် ၊ နောင်ချို၊ ကျောက်မဲ ၊ သီပေါ၊ နမ့်ဆန်၊ လားရှိုး ၊ ကွတ်ခိုင် နှင့် နမ္မတူ တို့တွင် တပ်ဖွဲ့အင်အား ၁၅၀၀ ခန့် လှုပ်ရှားနေကြောင်း သိရသည်။

Loading