ကျပ်သိန်း ၆၀၀ မှ ၁၂၀၀ ရှိ တန်ဖိုး သင့်တင့် အိမ်ရာများ ရောင်းချ
This article has been converted from Zawgyi One to Unicode
တန်ဖိုးအသင့်အတင့် ဧရာဝဏ်-ရတနာ အထပ်မြင့် အိမ်ရာစီမံကိန်းမှ တိုက်ခန်းများကို အရစ်ကျဝယ်ယူနိုင်မည့် လျှောက်လွှာများ စတင် ရောင်းချနေပြီ ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
ရန်ကုန်မြို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန မှ တာဝန်ယူ တည်ဆောက်နေသည့် ဧရာဝဏ်-ရတနာ တန်ဖိုးအသင့်အတင့် အိမ်ရာ စီမံကိန်း မှ ပထမ အဆင့် တည်ဆောက်ပြီးစီးတော့မည့် အဆောက်အအုံ ၂ လုံး မှ တိုက်ခန်း ၅၀၀ ကျော်ကို ကျပ်သိန်း ၆၀၀ နှင့် ကျပ်သိန်း ၁၂၀၀ တန်ဖိုးဟု သတ်မှတ်ထားကာ ပြည်သူလူထုသို့ အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်သည်။
“Target ကလည်း middle income ရယ်၊ မိသားစုထဲမှာ ၂ ဦး သို့မဟုတ် ၃ ဦး အလုပ်လုပ်နေတဲ့သူတွေ အိုးပိုင်အိမ်ပိုင် နဲ့ အဆင့်အတန်း မြင့်မြင့်လေး နေနိုင်အောင်ရည်ရွယ်တယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန လက်အောက်ရှိ မြို့ပြအခြေခံ အဆောက်အဦး စီမံကိန်း ဖွံ့ဖြိုးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းအေးက ဧရာဝတီသို့ပြောသည်။
အဆိုပါ တိုက်ခန်းများကို ဝယ်ယူလိုသူများသည် အရစ်ကျစနစ်ဖြင့် တနှစ် မှ ၂ နှစ် အတွင်း တိုက်ခန်း၏ ၅၀ ရာခိုင်နှုန်းကို ပေးသွင်းရမည်ဖြစ်ပြီး ကျန်ငွေများကို ၈ နှစ်အတွင်း အရစ်ကျစနစ်ဖြင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) နှင့်ချိတ်ဆက်ကာ ဝယ်ယူနိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက မတ် ၁၅ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
“အရစ်ကျ သွင်းရလို့လျှောက်တာ။ တနှစ်မှာ ၂၅ သိန်းဆီကို ၁၂ လသွင်းရမယ်။ အဲဒါ ပြီးရင် သော့ခတ်ပြီး တက်နေရ မယ် ဆိုတော့ အဆင်ပြေတယ်။ နောက်ပြီး ကျန်တဲ့ ပိုက်ဆံကို တလမှာ ၄ သိန်းနဲ့ ၈ သောင်း ၈ ထောင် အရစ်ကျသွင်း ရမယ်။ ပြီးရင် ဒီတိုက်ခန်းကို ပိုင်ဆိုင်သွားပြီ။ အပြင်မှာလို အများကြီး ပုံမပေးရတော့ဘူး။ အဲဒီ အတွက်ကြောင့် လာဝယ် တာပါ” ဟု ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ရှိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနရုံး တွင် လျှောက်လွှာ လာဝယ်သူတဦးက ပြောသည်။
အရစ်ကျစနစ်ဖြင့် ရောင်းချမည့် တိုက်ခန်း ဈေးနှုန်းများမှာ များသည်ဟု ထင်ရသော်လည်း လိုအပ်သည့် အခြေခံ အဆောက်အအုံ (Infrastructure) များကို အစိုးရက ပံ့ပိုး ပေးထားသလို မြေဖိုးလည်း မယူထားဘဲ ဆောက် လုပ်ရေး ကုန်ကျစရိတ် သီးသန့် ယူထားခြင်း ဖြစ်ကြောင်း၊ တခြား ပုဂ္ဂလိက ကုမ္ပဏီများက ယင်း စီမံကိန်းကို တာဝန်ယူ ပြုလုပ် မည်ဆိုပါက ယခု ရောင်းချသည့် ဈေးနှုန်းဖြင့် ရောင်းချနိုင်မည် မဟုတ်ကြောင်း မြို့ပြ အခြေခံ အဆောက်အဦး စီမံကိန်း ဖွံ့ဖြိုးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းအေးက ဆက်လက် ရှင်းပြသည်။
မြေဧရိယာ ရှားပါးလာသည့် ရန်ကုန်မြို့ကြီး၏ တနေရာတည်း ၌ လူဦးရေ အဆပေါင်းများစွာ နေနိုင်ရေးကို ရည်ရွယ်ပြီး အထပ်မြင့်ဆောက်လုပ်ရခြင်း ဖြစ်ကြောင်း၊ safety ပိုင်းတွင်လည်း ပါသင့် ပါထိုက်သော အတိုင်းအတာများ အားလုံးကို ထည့်သွင်း ပေးထားကြောင်း သိရသည်။
အဆိုပါ အိမ်ရာစီမံကိန်းတွင် အဆောက်အအုံ ၄၉ လုံး ပါဝင်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အဆောက်အအုံ ၁၁ လုံးကို တာဝန်ယူတည်ဆောက်ခြင်းဖြစ်သည်။
ဝန်ကြီးဌာန က တာဝန်ယူတည်ဆောက်သည့် အဆောက်အအုံ ၁၁ လုံးမှ တိုက်ခန်းများကို အရစ်ကျဝယ်ယူနိုင်မည့် လျှောက်လွှာများကို မတ် ၁၆ ရက်နေ့မှစ၍ လျှောက်လွှာတစောင်လျှင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်း သိရသည်။
ယင်းလျှောက်လွှာ များကို နေပြည်တော် ကောင်စီ နယ်မြေရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန ရုံးအမှတ် ၄၀၊ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်လမ်း ရှိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန နှင့် ဒဂုံမြို့သစ် တောင်ပိုင်း ရှိ ဧရာဝဏ်- ရတနာ အိမ်ရာစီမံကိန်း တို့တွင် ရုံးချိန် အတွင်း လာရောက် ဝယ်ယူနိုင်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန က မတ် ၁၅ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် အရစ်ကျ ဝယ်ယူခွင့် လျှောက်လွှာ စတင် ရောင်းချသည့် မတ်လ ၁၅ ရက်မှ ၁၇ ရက် အထိ ၂ ရက်အတွင်း လျှောက်လွှာပေါင်း ၂၀၀ ကျော်ရောင်းချပြီး ဖြစ်သလို ကနဦး ပေးသွင်းငွေ (Down payment) ဖြင့် ဝယ်ယူသူ ၅ ဦးခန့် ရှိကြောင်း မြို့ပြ အခြေခံ အဆောက်အဦး စီမံကိန်းဖွံ့ဖြိုးရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းအေးက ရှင်းပြသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြိုပွိုင့်စနစ်ဖြင့် စတင် ရောင်းချမည့် ဧရာဝဏ်-ရတနာအိမ်ရာစီမံကိန်း ၏ အခန်းပေါင်း ၅၀၀ ပါဝင်သည့် အဆောက်အအုံ ၂ လုံး မှ အခန်းများ ရောင်းချပြီးနောက် ထပ်မံ ဝယ်ယူလိုသူများ ရှိပါကလည်း ဝန်ကြီးဌာန က လျာထားသည့် အဆောက်အအုံ ၁၁ လုံး မှ အခန်းပေါင်း ၃၀၀၀ ကျော် ကိုလည်း ထပ်မံ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဆောက်အအုံများ အပြင် ထပ်မံ ကျန်ရှိသည့် အဆောက်အအုံ ၃၈ ခု ကို ဝန်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်းထားသည့် ကုမ္ပဏီများက ပြည်သူလူထု ကို ဆက်လက် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။