ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ၁၂ မိုင်ခန့် အကွာတွင်ရှိသည့် နမ်ကျင်ကျေးရွာ အနီးတွင် အစိုးရ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား ယနေ့ တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
မြစ်ကြီးနားအခြေစိုက် ခလရ (၂၉) နှင့် (၃၇) တို့သည် KIA တပ်မဟာ (၂) လက်အောက်ခံ၊ တပ်ရင်း (၁၁) ၏ ရှေ့တန်းစခန်း (ကာကင်း) အနီးသို့ ရောက်ရှိလာသဖြင့် ထိပ်တိုက်တိုးကာ တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်သည်ဟု KIA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးနော်ဘူ က ဧရာဝတီသို့ ပြောသည်။
နှစ်ဖက်တပ်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ယနေ့ နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီခွဲအထိ ဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆိုသည်။
“တိုက်ပွဲ အနည်းအကျဉ်း ဖြစ်သွားတာ ဟုတ်တယ်။ အခြေစိုက် စခန်းတွေနဲ့တော့ မဟုတ်ဘူး။ ရှေ့တန်းစခန်းတွေနဲ့ပါ။ အခြေအနေ အသေးစိတ်ကိုတော့ သတင်းမရသေးပါဘူး။ ပဋိပက္ခညှိနှိုင်းရေး အဖွဲ့ကနေ တဆင့်တော့ တိုက်ပွဲမဖြစ်အောင် နှစ်ဖက်တပ်တွေ ပြန်ဆုတ်ဖို့ ပြောမယ်လို့ ကြားပါတယ်” ဒုဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြောသည်။
ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ကွန်ရက်မှ ဦးလမိုင်ဂွမ်ဂျာက တိုက်ပွဲမှာ လက်ရှိ အခြေအနေအထိ ရပ်တန့်သွားပြီဖြစ်ပြီး၊ နှစ်ဖက်တပ်များအကြား တိုက်ပွဲမဖြစ်ပွားစေရန် ပဋိပက္ခညှိနှိုင်းရေး အဖွဲ့များက ဖုန်းဖြင့်ဆက်သွယ်ပြီး ညှိနှိုင်းပေးနေသည်ဟု ပြောသည်။
ကချင်ပြည်နယ် ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ကို တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ လျှော့ချနိုင်ရန် ၂၀၁၃ ခုနှစ်တွင် စတင် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သော်လည်း ၂၀၁၅ ခုနှစ်တွင် တိုက်ပွဲများ အများအပြား ဖြစ်ပွားပြီးနောက်ပိုင်း ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့၏ တွေ့ဆုံဆွေးနွေးမှုများလည်း ရပ်တန့်သွားခဲ့သည်။
KIA အဖွဲ့သည် အစိုးရနှင့် NCA စာချုပ်ချုပ်ဆိုနိုင်ရန် ကနဦးအဖြင့် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ တွင် ငြိမ်းချမ်းရေး လုပ်ဆောင်နိုင်ရေး သဘောတူညီမှု တချို့ ပြုလုပ်ခဲ့ပြီး၊ စာချုပ် ချုပ်ဆိုခဲ့သော်လည်း တပ်မတော်က လိုင်ဇာဌာနချုပ်အနီးသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ပြီးနောက်ပိုင်း NCA စာချုပ် ချုပ်ဆိုရန် ပျက်ပြယ်ခဲ့သည်။