သတင်း

တိုင်းရင်းသားရေးရာ ဝန်ကြီးသစ် လုပ်ပိုင်ခွင့် အပြည့်အဝရရှိရေး မျှော်လင့်

This article has been converted from Zawgyi One to Unicode

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဦးဆောင်ဖွဲ့စည်းမည့် အစိုးရအဖွဲ့ ဝန်ကြီးဌာနများ၏ စာရင်းကို ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ တင်ပြရာတွင် တိုင်းရင်းသား ရေးရာဝန်ကြီးဌာနသစ်ကိုပါ ထည့်သွင်း ထားသည်။

ယင်းတိုင်းရင်းသားရေးရာ ဝန်ကြီးဌာနသစ်သည် ယခင် လွှတ်တော်ဟောင်း၌ ပြဌာန်းခဲ့သည့် ဥပဒေပါ အတိုင်း ဖွဲ့စည်းခြင်းသာ ဖြစ် ကြောင်း၊ သို့သော် နည်းဥပဒေများ စနစ်တကျ ပြဌာန်းထားမှု မရှိသေးခြင်း၊ ဘတ်ဂျက် သီးသန့်ရေးဆွဲထားမှု မရှိသေးခြင်း စသည်တို့ကြောင့် ထူးခြားသည့် လုပ်ပိုင်ခွင့်များ ရရှိသေးမည် မဟုတ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ဧရာဝတီ ကို ပြောသည်။

ပြည်ထောင်စုအဆင့် တိုင်းရင်းသား ရေးရာဝန်ကြီးဌာန တခု ဖွဲ့စည်းနိုင်ရေး ရည်ရွယ်ချက်ဖြင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေး ဥပဒေ တရပ်ကို ပြည်ထောင်စု လွှတ်တော်၌ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် အတည်ပြုခဲ့ပြီး ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ဖွဲ့စည်းနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ထိုဥပဒေ၌ ပြဌာန်းထားချက်များအရ တိုင်းရင်းသားရေးရာ ဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယာဉ်ကျေး မှု၊ ရိုးရာဓလေ့၊ ကိုးကွယ် ယုံကြည်မှု စသည်တို့အား ကူညီကာကွယ်ပေးရန်ဟုသာ ပြဌာန်းထားကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားရေးရာ ဝန်ကြီး၏ လုပ်ပိုင်ခွင့်သည် မည်ကာမတ္တ အဆင့်သာရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီမှ ပြောခွင့်ရသူ ဦးစိုင်းလိတ် က ဧရာဝတီ ကို ပြောသည်။

၎င်းက “၂၀၀၈ ဖွဲ့စည်းပုံမှာလည်းပဲ နိုင်ငံသားတိုင်းဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားတဲ့ ရပိုင်ခွင့်တွေကို တန်းတူညီမျှ ခံစား ပိုင်ခွင့်ရှိတယ်ဆိုတာကို အတိအလင်းပြဌာန်းပြီးသားပါ၊ အဲဒီတော့ တိုင်းရင်းသားရေးရာ ဝန်ကြီးအတွက်လည်းပဲ အရေးပါတဲ့ လုပ်ပိုင် ခွင့်တွေ ပေးမထားတဲ့အတွက် တိုင်းရင်းသားရေးရာအတွက် ဝန်ကြီးဌာတခု သီးသန့် မလိုတော့ဘူးလို့ ယူဆပါတယ်”ဟုလည်း ဆို သည်။

ထို့အတူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်း လုပ်ပိုင်ခွင့်များကို ပြဌာန်းထားခြင်းမရှိကြောင်း၊ အကယ်၍ ပြည်တွင်း ငြိမ်းချမ်းရေး၊ တိုင်းရင်းသား အရေးကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ပိုင်ခွင့်ပေးမည်ဆိုပါက နည်းဥပဒေများ ပြဌာန်းရန် လိုသေးကြောင်း၊ သို့ဖြစ်၍ အပြည့်အဝလုပ်ပိုင်ခွင့်ရရန် ဆွေးနွေးညှိနှိုင်းမှု အများအပြား လုပ်ဆောင်ရဦးမည် ဖြစ်ကြောင်း ဦးစိုင်းလိတ်က ဆက် ပြောသည်။

ဦးစိုင်းလိတ်က “တိုင်းရင်းသား ရေးရာဝန်ကြီးနေရာ အတွက်လည်းပဲ ကျနော်တို့ပါတီကို ကမ်းလှမ်းထားတာ မရှိသေးပါဘူး၊ ပြည်ထောင်စု နဲ့ ပြည်နယ် အစိုးရအဖွဲ့တွေမှာ ပါဝင်ဖို့တော့ ပြောထားတာရှိပါတယ်”ဟုလည်း ပြောဆိုသည်။

ပြည်ထောင်စု အဆင့်ဝန်ကြီးဌာနများ၌ တိုင်းရင်းသား ရေးရာဝန်ကြီးဌာ တခုထည့်သွင်းခြင်းသည် ကောင်းမွန်သည့်အရာ ဖြစ်ကြောင်း၊ တိုင်းရင်းသား အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး အပါအဝင် တိုင်းရင်းသား အရေးကိစ္စများကို ပိုမိုအလေးထား လုပ်ဆောင်ပေးနိုင်ရန်အတွက် ထိုဝန်ကြီးဌာန ပေါ်ပေါက်ရေးကို ယခင်လွှတ်တော်၌ ဥပဒေတရပ် ပြဌာန်းနိုင်ရန် တိုင်းရင်းသားအားလုံးက ကြိုးပမ်းခဲ့ကြကြောင်း ရခိုင်အမျိုးသား ပါတီ (ANP) ဥက္ကဋ္ဌ နှင့်အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာ အေးမောင် က ဧရာဝတီ ကို ပြောသည်။

ထိုဥပဒေ၌ တိုင်းရင်းသားရေးရာ ဝန်ကြီးသည် ပြည်နယ်၊ တိုင်းဒေသများမှ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ တခြား ပြည်ထောင်စု ဝန်ကြီးများနှင့်ပူးပေါင်း ဆောင်ရွက်ရမည့် အရာများ ပါဝင်ကြောင်း၊ တိုင်းရင်းသားဒေသများရှိ ပြည်သူများ၏ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းများ၊ တိုင်းရင်းသားများ၏ စာပေ၊ သမိုင်းနှင့်ယဉ်ကျေးမှု စသည်တို့ကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ချိတ်ဆက် ၍ လုပ်ဆောင်ခွင့်ရမည်ဟု ယူဆကြောင်း ဒေါက်တာ အေးမောင် က ပြောဆိုသည်။

၎င်းက“တချို့သော လုပ်ပိုင်ခွင့်တွေ ရှိတယ်လို့ ထင်ရပေမယ့် ဘတ်ဂျက် ရေးဆွဲထားတဲ့အထဲမှာ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန အတွက်မပါဘူး၊ ဒီတော့ ဌာနလည်ပတ်မယ် ဆိုရင် ဘတ်ဂျက် အသစ်တွေ ရေးဆွဲတာ၊ ဝန်ထမ်းတွေ ခန့်တာတွေကို အစကနေ လုပ် ရဦးမယ်ဆိုတော့ ဌာန လည်ပတ်နိုင်ဖို့ အမြန်ဆုံး ဆောင်ရွက်နိုင်မှပဲ ရမှာပါ”ဟုလည်း ပြောသည်။

ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနအတွက် လုပ်ပိုင်ခွင့်အပြည့်ရရှိရန် နည်းဥပဒေများ၊ ဘတ်ဂျက်များ၊ စီမံကိန်းများ ရေးဆွဲထားမှု မရှိသေးသော်လည်း အမြန်ဆုံး အကောင်အထည်ဖော်၍ တိုင်းရင်းသားရေးရာများကို ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များ က ပြောသည်။

Loading