ရပ်ဆိုင်းထားသည့် မြစ်ဆုံရေကာတာ စီမံကိန်းကို ပြန်လည်စတင်ရန် မြန်မာအစိုးရသစ်ကို တွန်းအားပေးသည့် အနေဖြင့် တရုတ်နိုင်ငံက ကန်ထရိုက်စာချုပ်က သက်တမ်းမကုန်ဆုံးသေးကြောင်း မတ်လ ၁၇ ရက်နေ့တွင် ပြောကြားလိုက်ကြောင်း Reuters သတင်းတပုဒ်က ဆိုသည်။
မကြာမီ ရာထူးသက်တမ်းကုန်ဆုံးတော့မည့် သမ္မတဦးသိန်းစိန်က ၂၀၁၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံတန် ကြေးရှိသည့် မြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းလိုက်သည့် အတွက် တရုတ်အစိုးရ စိတ်ပျက်ခဲ့ရသည်။ အဆိုပါ စီမံကိန်းမှ ထွက် ရှိမည့် လျှပ်စစ်ဓာတ်အား၏ ၉၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ယခင်က ပြုလုပ်ခဲ့သည့် လက်ပံတောင်း ကြေးနီသတ္တုတွင်း အပါအဝင် တရုတ်စီမံကိန်းများမှာလည်း အငြင်းပွားဖွယ်ရာများ ဖြစ်ကြောင်းတွေ့ရှိခဲ့ရသည်။ လက်ပံတောင်း စီမံကိန်းကို ဒေသခံများကလည်း အဆက်မပြတ် ဆန့် ကျင်ကန့်ကွက်နေခဲ့ကြသည်။ တရုတ် နိုင်ငံက မြန်မာနိုင်ငံကို ဖြတ်ကျော်၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ၂ ခုကိုလည်း တည်ဆောက်ထားသည်။
သတင်းအရ လာမည့် အပတ်အတွင်း တရုတ်နိုင်ငံတွင် ကျင်းပရန် ရှိနေသော ဝန်ကြီးချုပ် Li Keqiang နှင့် အရှေ့တောင်အာရှ နိုင်ငံ ၅ ခုမှ ခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေးပွဲ မတိုင်မီတွင် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Liu Zhenmin က မြစ် ဆုံ စီမံကိန်းသည် အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှု တခုဟု ပြောကြားခဲ့ကြောင်း သိရသည်။
“အလွန်ဝမ်းနည်းစရာကောင်းတာက ဒီစီမံကိန်းကို မြန်မာအစိုးရက ၂၀၁၁ ခုနှစ်မှာ ချောင်ထိုးပစ်လိုက်တာပါပဲ။ ဒါပေမယ့် ကန်ထရိုက်စာချုပ်က အသက်ဝင်နေဆဲပဲ ရှိပါသေးတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုကို ရှေ့ဆက်သွားအောင် ဘယ်လို လုပ် ရမလဲဆိုတာက ၂ နိုင်ငံလုံး အတွက် အရေးပါတဲ့ အကြောင်းအရာတခု ဖြစ်ပါတယ်” ဟု Liu Zhenmin သတင်းစာ ရှင်း လင်းပွဲတခုတွင် ပြောကြားခဲ့ကြောင်း သိရသည်။
“လက်ရှိ အစိုးရက ဒီစီမံကိန်းကို ပြန်စဖို့ အချိန်မရှိတော့ဘူးလို့ ထင်ပါတယ်။ အစိုးရသစ်တာဝန်ယူလာတဲ့ အချိန်မှာ တရုတ် အစိုးရက ဒီစီမံကိန်းကို ဘယ်လိုပြန်စရမလဲဆိုတာကို သူတို့နဲ့ ဆက်ပြီး ဆွေးနွေးလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”
တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းတွင် ပြုလုပ်မည့် အဆိုပါ ထိပ်သီးအစည်းအဝေးတွင် မြန်မာအစိုးရကို ကိုယ်စားပြု၍ မည်သူ တက်ရောက်လာမည်ကို အတိအကျ မသိသေးကြောင်းလည်း သူကပြောသည်။
မြန်မာလွှတ်တော်က နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ရင်းနှီးသော မိတ်ဆွေလည်းဖြစ် လူယုံတော်လည်းဖြစ်သော ဦးထင်ကျော်ကို သမ္မတအဖြစ် မတ်လ ၁၅ ရက်နေ့က ရွေးချယ်ခဲ့သည်။ ဦးထင်ကျော်သည် ၁၉၆၀ ခုနှစ် များနောက်ပိုင်းတွင် စစ်တပ်နှင့် မပတ်သက်သည့် ပထမဆုံးသော နိုင်ငံ ခေါင်းဆောင်ဖြစ်လာပါသည်။
မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ တရုတ်သံတမန်များက ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ထိပ်တန်း ခေါင်းဆောင်များကို တိတ်တဆိတ် ချဉ်းကပ်မှုများ ပြုလုပ်ခဲ့ကြောင်း NLD သတင်းရင်းမြစ်များက ဆိုသည်။
တရုတ်အစိုးရက မြန်မာ အစိုးရနှင့် ခိုင်မာသော ဆက်ဆံရေး ရှိခဲ့သည့် နည်းတူ တရုတ်သမ္မတ Xi Jinping က ယမန်နှစ် ဘေဂျင်းမြို့သို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့ပြီး ကောင်းမွန်သည့် ဆက်ဆံရေး ရရှိနိုင်ရန် ကြိုးစား ခဲ့သည်။
မတ်လ ၁၆ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တခု အရ တရုတ်သမ္မတ Xi Jinping က ဦးထင်ကျော်ကို ဂုဏ်ပြုခဲ့သည်ဟု သိရသည်။
တရုတ်သမ္မတ Xi Jinping က ၂ နိုင်ငံငယ် ကာလရှည်ကြာစွာ ရင်းနှီးခင်မင်ခဲ့ကြသလို ၂ ဦး ၂ဘက် အကျိုးစီးပွားအတွက် လည်း နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ “တရုတ်နိုင်ငံက ၂ နိုင်ငံပြည်သူတွေ ပိုမို ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေခံစားရနိုင်ဖို့ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံနဲ့ အတူ ကြိုးစားဆောင်ရွက်ဖို့ ဆန္ဒရှိနေပါတယ်” ဟု Xi Jinping က ထည့်သွင်းပြောကြားခဲ့သည်။