သတင်း

MPC ၏ အနာဂတ် ဒေါ်အောင်ဆန်းစုကြည် အဆုံးအဖြတ်အပေါ် မူတည်

This article has been converted from Zawgyi One to Unicode

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးနေသော မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန(MPC)၏ အနာဂတ်သည် အစိုးရသစ် ဖြစ်လာမည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် မူတည်ကြောင်း သိရသည်။

MPC ၏ လုပ်ငန်းတာဝန်များသည် မတ်လကုန်ရက်တွင် ပြီးဆုံးမည်ဖြစ်၍ MPC ၏ အနာဂတ်နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ၏ ဆုံးဖြတ်ချက်အပေါ်တွင် မူတည်ကြောင်း MPC ၏ အကြီးတန်း အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေ က ဖေဖော်ဝါရီလ ၂၄ ရက် နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိစဉ် ပြောဆိုထားသည်။

ဦးလှမောင်ရွှေ က “မတ်လ ၃၀ ရက်နေ့အထိကတော့ MPC ရဲ့ အလုပ်တာဝန်တွေ ရှိနေဦးမှာပေါ့။ ဒါပေမယ့် ကျနော်တို့ ဒေါ်အောင် ဆန်းစုကြည် နဲ့ တွေ့ဆုံစဉ်မှာ သူ့ရဲ့ မှတ်ချက်က သုံးခုပဲရှိပါတယ်။ ပထမ တချက်ကတော့ MPC ဆောင်ရွက်နေတာတွေ အပေါ်မှာ Appreciate ဖြစ်တယ်ဆိုတာရယ်။ MPC ကို ဆက်ထားမယ် ဆိုတာရယ်။ လုပ်ငန်းတွေတခုလုံးအပေါ်မှာ Review လုပ်မယ်ဆိုတဲ့ သုံးချက်က လွဲရင် ဘာမှထပ်ပြီးတော့ ကျနော်တို့မှာ သိထားတာ မရှိတဲ့အတွက်တော့ နောင်ဖြစ်ပေါ်လာမယ့် အပေါ်မှာပဲ ကြည့်ရပါလိမ့်မယ်”ဟု ဧရာဝတီသို့ ပြောဆိုခဲ့သည်။

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ၂ ကြိမ် တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဝိုင်းကူရန်သာ ပြောဆိုပြီး နောက်အစိုးရတွင် ၎င်းတို့အား နေရာဆက်ပေးမည်၊ မပေးမည်ကို ပြောဆိုခြင်း မရှိကြောင်း ဝန်ကြီး ဦးအောင်မင်းက ဧရာဝတီနှင့် သီးသန့် မေးမြန်းရာတွင် ပြောဆို သည်။

ဝန်ကြီး ဦးအောင်မင်း က“အစိုးရသစ်ကတော့ တာဝန်ပေးတာ မပေးတာကတော့ သူကလည်း ပေးချင်မှလည်း ပေးမှာပေါ့။ ပေးရင် လည်း ပေးမှာပေါ့။ ပေးတဲ့အခါမှာ ကန့်သတ်ချက်တွေ ရှိမှာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ (UPCC)နှင့်  ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ကို အစိုးရသစ် တက်မလာခင် ယခုလကုန်ပိုင်း၌ ဖျက်သိမ်းရမည် ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဦးအောင်မင်းဦးဆောင်ပြီး Centre for Peace and Development ဆိုသည့် အဖွဲ့ ဖွဲ့စည်းနေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

ဝန်ကြီး ဦးအောင်မင်း ကိုယ်တိုင်ကလည်း နောက်တက်လာမည့် အစိုးရသစ်နှင့် မလုပ်ဖြစ်လျှင် ကိုယ်တိုင်ဦးဆောင်ပြီး Peace and development foundation အမည်မျိုးဖြင့် ငြိမ်းချမ်းရေး ဖောင်ဒေးရှင်းတခု တည်ထောင်လုပ်ကိုင်ရန် အစီအစဉ်ရှိကြောင်း ဧရာဝတီနှင့် သီးသန့်မေးမြန်းရာတွင် ပြောဆိုထားသည်။

“ပိစ်ဖောင်ဒေးရှင်း ဆိုတာ ဖွဲ့မှာပေါ့။ ဖောင်ဒေးရှင်း ဆိုတာကတော့ Think tank ဖောင်ဒေးရှင်းလိုပေါ့။ အစိုးရ မှားလည်း အစိုးရကို ပြောလို့ရတယ်။ အတိုက်အခံတွေ မှားရင်လည်း အတိုက်အခံတွေကို ပြောလို့ရတယ်။ တိုင်းရင်းသားတွေ မှားရင်လည်း မှားတာကို ပြောလို့ရတယ်။ လိုအပ်တဲ့ဥစ္စာကိုလည်း ဝိုင်းကူ လုပ်ပေးလို့ရတယ်။ ဒါကြောင့်မို့ ကျနော်တို့က ဒါကို ပြင်ဆင်နေတာပေါ့”ဟု ဝန်ကြီး ဦးအောင်မင်း ကပြောသည်။

တချိန်တည်းမှာပင် ဝန်ကြီး ဦးဆောင်သည့် ငြိမ်းချမ်းရေးဖောင်ဒေးရှင်း နှင့် ဆက်လက် လက်တွဲ လုပ်ကိုင်ကြမည့်သူများ ရှိသကဲ့သို့ ဒေါက်တာ မင်းဇော်ဦး၊ ဦးလှမောင်ရွှေနှင့် တချို့သည် MPC တွင် ဆက်နေပြီး NLD အစိုးရနှင့် ဆက်လက်လက်တွဲ လုပ်ကိုင် သွားမည် ဆိုသော သတင်းများလည်း ထွက်ပေါ်နေသည်။

ထွက်ပေါ်နေသည့် သတင်းများသည် မှန်သင့်သလောက်မှန်သော်လည်း တိကျပြည့်ဆုံမှုမရှိသေးကြောင်း ယခု အစိုးရ သက်တမ်း ကုန်လျှင် MPC အတွင်း တာဝန်ထမ်းဆောင်နေသူများ အနေဖြင့် တဦးချင်း သီးခြား ဆုံးဖြတ်ခွင့်ပေးထားသဖြင့် ဘယ်သူ၊ ဘာလုပ် မည်ဆိုသည်ကို အတိအကျပြောနိုင်ခြင်း မရှိကြောင်း MPC ၏ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်း အကောင်အထည်ဖော်ရေး ဌာန ညွန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ဧရာဝတီသို့ ပြောသည်။

“ကျနော်ကတော့ လောလောဆယ် ဘယ်မှာမှ မပါဘူး။ ရှေ့ဘာဆက်လုပ်မယ် ဆိုတဲ့ဟာကိုလည်း ကျနော်ဘာမှ မဆုံးဖြတ်ရ သေး ဘူး။ တခုတော့ ရှိတာပေါ့နော်။ ကျနော်က အခု JMC (ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ) ကိစ္စလုပ်နေတော့ JMC အမွေး အတောင် စုံလာတဲ့ အထိတော့ ကျနော်လုပ်ပေးသွားမယ်။ ကျနော်လည်း ဒီကိစ္စကို တောက်လျှောက် လုပ်လာတာဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်အများကြီး သိတယ်။ နားလည်တယ်။ ကျနော်ကိုယ်တိုင်လည်း အများကြီး ရေးခြစ်ခဲ့တော့ JMC သူ့ခြေထောက်ပေါ်သူ ရပ် တည် အလုပ်လုပ်နိုင်တဲ့အထိ လုပ်ပေးသွားဖို့ ရှိတယ်။ ကျန်တာတော့ ကျနော် ဘာမှ မဆုံးဖြတ်ရသေးဘူး”ဟု ဒေါက်တာ မင်းဇော်ဦး က ပြောသည်။

ဒေါက်တာ မင်းဇော်ဦး၊ ဦးလှမောင်ရွှေနှင့် MPC တွင် လုပ်ကိုင်နေသူတချို့ NLD အစိုးရနှင့် ဆက်လက်လက်တွဲ လုပ်ကိုင်သွားမည် ဟု သတင်းထွက်နေသော်လည်း ၎င်းအား NLD က တရားဝင် တွေ့ဆုံပြောဆိုတာမျိုး မရှိသေးကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လိုအပ်လျှင် အကူအညီပေးသွားရန် အဆင်သင့်ရှိကြောင်းလည်း ဒေါက်တာ မင်းဇော်ဦး က ပြောသည်။

MPC အား အထောက်အပံ့ ပေးနေကြသည့် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အထောက် အပံ့ ငွေများကို NLD အစိုးရသစ် မတက်ခင် ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိပဲ ပေးထားခြင်းဖြစ်သည်ဟု ဝန်ကြီး ဦးအောင်မင်း က ပြောသည်။
“နိုင်ငံတကာ ဆိုတာကတော့ အားလုံးက လူလည်တွေချည်းပါပဲ။ ဘာလို့လဲဆို သူတို့က မတ်လ ၃၁ ရက် နေ့အထိပဲ ပေးထား ပါတယ်။ သူတို့ မတ်လ ၃၁ ရက်နေ့အထိပဲ ဘာလို့ပေးလဲဆိုတာ ကျနော်တို့ အစကတော့ မသိဘူး။ အခုတော့ သိလာပြီပေါ့။ မတ်လ ၃၁ ရက်က ကျနော်တို့ အစိုးရ အလွှဲအပြောင်းလုပ်မယ့် ရက်လေ။ အဲဒီအထိပဲ သူက ကိုက်ပြီး ပေးထားတာ။ နောက်ပိုင်းကျရင်တော့ ကိုယ့်ခြေပေါ် ကိုယ်ရပ်တည်ပြီး သွားရမယ့် သဘောရှိပါတယ်”ဟု ဦးအောင်မင်းက ပြောဆိုသည်။

MPC ကို နော်ဝေး အခြေစိုက် Myanmar Peace Support Initiative (MPSI) နှင့် ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ ဥရောပ သမဂ္ဂ(EU)၊ ဗြိတိန်၊ သြစတြေးလျ တို့ပါဝင်သည့် Peace Donor Support Group (PDSG) တို့က နှစ်စဉ် ဒေါ်လာ သန်းချီ ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

MPC အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ရရှိသော အထောက်အပံ့ငွေများကို အလွဲသုံးစား ပြုလုပ်သုံးစွဲသည်ဟူသော ဝေဖန် မှုများ ရှိနေသော်လည်း ၎င်းတို့အနေဖြင့် နိုင်ငံတကာ အထောက်အပံ့ငွေများအပေါ် စာရင်းဇယားဖြင့် လိုအပ်သည့် နေရာတွင် စနစ်တကျ သုံးစွဲခဲ့ခြင်းသာဖြစ်ပြီး ထောက်ပံ့ငွေများကို အလွဲသုံးစား ပြုလုပ်သည်ဟု စွပ်စွဲပြောဆိုရန် မသင့်ကြောင်းလည်း ဝန်ကြီး ဦးအောင်မင်းက ပြောဆိုသည်။

ဆက်စပ်ဖတ်ရှုရန်
ဝန်ကြီး ဦးအောင်မင်းနဲ့ အင်တာဗျူ း

Loading