မြန်မာနိုင်ငံ က တွင်းထွက် သယံဇာတ တူးဖော် ထုတ်လုပ်သည့် လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) ၏ တင်းပြည့် အဖွဲ့ဝင်ဖြစ်ရေးအတွက် ဒုတိယအကြိမ် တင်သွင်းရမည့် အစီရင်ခံစာတွင် ကျောက်မျက်နှင့် ကျောက်စိမ်း ကဏ္ဍကို ပိုမို ဦးစားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
EITI ၏ တင်းပြည့် အဖွဲ့ဝင်ဖြစ်ရေးအတွက် ဒုတိယအကြိမ် တင်သွင်းရမည့် အစီရင်ခံစာကို EITI အဖွဲ့ကြီးသို့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးထားကာ တင်သွင်းရမည်ဖြစ်သည်။
“ဘယ်နှစ်ရာခိုင်နှုန်းလို့တော့ ပြောလို့မရသေးဘူး။ အခု ပါတာက ၁၀ ဘီလီယံ အထက်တွေ ပါပြီဆိုတော့ နောက်ကျန် တာတွေ ဆက်လုပ်သွားမှာပေါ့။ ကျောက်မျက်ကို ပိုပြီး ဦးစားပေးဖို့ များတယ်”ဟု မြန်မာနိုင်ငံ တွင်းထွက် သယံဇာတ တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (MEITI) သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ (MSG) ၏ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်းက မီဒီယာများသို့ ပြောကြားသည်။
သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ MSG သည် အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ကုမ္ပဏီများ ပူးပေါင်းဖွဲ့စည်းထားသည့် အဖွဲ့တခု ဖြစ်သည်။
ယနေ့ ( မတ်လ ၁၈ ရက် ) ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ် တွင် ပြုလုပ်သည့် MEITI ၏ ပထမအကြိမ် အစီရင်ခံစာ တင်ပြခြင်း အခမ်းအနားတွင် အဖွဲ့ က ထုတ်ပြန်လိုက်သည့် အစီရင်ခံစာသည် ကျောက်မျက်နှှင့် ကျောက်စိမ်း ကဏ္ဍသည် ကျယ်ပြန့်ကြီးမားသည့် အတွက် မြန်မာငွေ ကျပ်သန်းပေါင်း ၁၀ ဘီလီယံ ပြည့်မီသော ကုမ္ပဏီများကိုသာ တိုက်ဆိုင် စစ်ဆေးခြင်း လုပ်ငန်းစဉ်တွင် ထည့်သွင်းခဲ့သည်ဟု MSG အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်း က ရှင်းပြသည်။
MEITI အဖွဲ့ က ထုတ်ပြန်လိုက်သည့် အစီရင်ခံစာ တွင် ဖော်ပြထားသည့် ကျောက်မျက်နှင့် ကျောက်စိမ်းဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များသည် ကျောက်မျက်ပြပွဲတွင် တင်ပြရောင်းချသော အချက်အလက်များကို အခြေခံထားသော မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ အစီရင်ခံထားသော အလေးချိန် ပမာဏ နှင့် တန်ဖိုးများသာ ဖြစ်ကြောင်း သိရသည်။
အစီရင်ခံစာသည် မြန်မာနိုင်ငံ၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဓာတ်သတ္တု ကဏ္ဍများ၏ ငွေကြေး စီးဆင်းပုံ အကြောင်းနှင့် ပတ်သက်၍ EITI စံနှုန်း နှင့်အညီ ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါကိစ္စများကို၂၀၁၃ ခုနှစ် ဧပြီ ၁ ရက် မှ၂၀၁၄ ခုနှစ် မတ် ၃၁ ရက် အထိ တွက်ချက်ကာ တိုက်ဆိုင် စစ်ဆေးမှုများ ကိုလည်း ဖော်ပြထားသည်။
“ကုမ္ပဏီတွေကို အမှန်တကယ် ဘယ်သူပိုင်ဆိုင်တယ်။ ကုမ္ပဏီရဲ့ သဘောတူ စာချုပ်မှာ ဘယ်လိုအချက်အလက်တွေ ပါဝင်တယ်ဆိုတာ EITI အစီရင်ခံစာက အနည်းငယ်ပဲဖော်ပြနိုင်တယ်။ EITI ရဲ့ နောက်ထပ် လုပ်ငန်းစဉ်တွေကို သွားမယ် ဆိုရင် အဲဒီအချက် ၂ ချက်က အရေးပါတယ်” ဟု လန်ဒန်အခြေစိုက် NGO အဖွဲ့အစည်းဖြစ်သည့် Global Witness က MEITI ၏ ပထမအကြိမ် အစီရင်ခံစာ ကို ထောက်ပြပြောဆိုထားသည်။
ထို့ပြင် MEITI အစီရင်ခံစာတွင် အကျိုးအမြတ်များသော ကျောက်စိမ်းလုပ်ငန်း အကြောင်းကို ပိုမို၍ သေချာစွာ ရေးသား ဖော်ပြသင့်သည်ဟုလည်း Global Witness က ဆိုသည်။
ဒုတိယအကြိမ်မြောက် တင်သွင်းမည့် MEITI အစီရင်ခံစာတွင် ယခုထက် ပိုမို နယ်ပယ်ချဲ့ထွင်ပြီး ကျောက်မျက်နှင့် ကျောက်စိမ်းကဏ္ဍမှ ရရှိသော အခွန်ဘဏ္ဍာငွေ အရပ်ရပ်ကို ထည့်သွင်းသင့်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက လည်း အကြံပြုတိုက်တွန်းထားသည် ဟု သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် နိုင်ငံတော် သမ္မတ လမ်းညွန်မှုဖြင့် EITI အဖွဲ့ဝင်နိုင်ငံဖြစ်ရန် စတင် လုပ်ဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ် မေလတွင် EITI အဖွဲ့ဝင်လောင်းနိုင်ငံဖြစ်လာရန် EITI ဘုတ်အဖွဲ့သို့ လျှောက်လွှာတင်ခဲ့သည်ဟု သိရသည်။
ထို့နောက် EITI ဘုတ်အဖွဲ့၏ ၂၇ ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံ က အဖွဲ့ဝင်လောင်း အဖြစ် လျှောက်ထားမှုကို လက်ခံ အတည်ပြုခဲ့ပြီးရာ ပထမဆုံးအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် EITI အဖွဲ့ချုပ် ထံသို့ တင်သွင်းနိုင်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာပေါ်တွင် EITI အဖွဲ့ဝင် နိုင်ငံပေါင်း ၅၁ နိုင်ငံ ရှိရာ ၃၁ နိုင်ငံ သည် တင်းပြည့်အဖွဲ့ဝင်များဖြစ်ပြီး မြန်မာ နိုင်ငံ အပါအဝင် ကျန်သည့် နိုင်ငံ ၂၀ သည် အဖွဲ့ဝင်လောင်း နိုင်ငံများ ဖြစ်သည့်အတွက် တင်းပြည့်အဖွဲ့ဝင်များဖြစ်ရန် ကြိုးပမ်းနေဆဲဖြစ်သည်ဟု သိရသည်။