ထိုင်းနိုင်ငံတောင်ပိုင်း နခွန်စီထမ်မရ ခရိုင် ကျန်ဒီမြို့နယ်ရှိ NaaParawood သစ်အချောထည် ထုတ်လုပ်သည့် စက်ရုံ၌ အလုပ်လုပ် နေသော မြန်မာအမျိုးသမီး အလုပ်သမားတဦးကို အဓမ္မပြုကျင့်ခဲ့သည့် ထိုင်းအမျိုးသားနှစ်ဦးအား ဖမ်းမိထားပြီး မကြာမီ ရုံးတင် တရား စွဲဆိုမည်ဖြစ်ကြောင်း သိရသည်။
အဓမ္မပြုကျင့်ခဲ့သည့် ထိုင်းအလုပ်သမားနှစ်ဦးကို လွန်ခဲ့သော ၄ ရက်ခန့်က ဖမ်းဆီးမိခဲ့ပြီး နခွန်ထမ်မရ အရပ်ရှိ အချုပ်ခန်းတခုတွင် ချုပ်နှောင်ထားကြောင်း၊ ထို ထိုင်း အမျိုးသားနှစ်ဦးက အမှုနှင့်ပတ်သက်၍ ငြင်းဆိုထားကြောင်း အမှုအား ကူညီဆောင်ရွက်ပေးနေ သည့် ထိုင်းနိုင်ငံအခြေစိုက် မြန်မာ သံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီ (AAC) မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ဧရာဝတီကို ပြောသည်။
“အမှုကို ကူညီပေးဖို့အတွက် ထိုင်းရှေ့နေများကောင်စီက ရှေ့နေတဦးကိုငှားပြီး ဆောင်ရွက်ဖို့ ပြင်ဆင်နေပါပြီ၊ ရှေ့နေငှားတဲ့ ကုန်ကျစရိတ်ကိုတော့ အဓမ္မကျင့်ခံရတဲ့ ကောင်မလေးရဲ့ မိဘဆွေမျိုးတွေနဲ့အတူ အလုပ်လုပ်နေတဲ့ စက်ရုံက အလုပ်သမားတွေက ဝိုင်းဝန်းကူညီပေးကြပါတယ်”ဟုလည်း ၎င်းက ပြောပြသည်။
အဓမ္မပြုကျင့်ခံရသည့် မြန်မာအလုပ်သမသည် အသက် ၂၀ အရွယ်ရှိ အိမ်ထောင်ရှိသူဖြစ်ပြီး သမီးငယ်တဦး ရှိသူဖြစ်ကြောင်း၊ တရားဝင် နေထိုင်ခွင့် အထောက်အထားလက်မှတ် မရှိသေးသူဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါအမျိုးသမီးသည် နေထိုင်မကောင်း၍ အလုပ်မဆင်းဘဲ နေအိမ်၌ရှိနေစဉ် မတ်လ ၇ ရက်က အဓမ္မပြုကျင့်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ အဓမ္မပြုကျင့်သူ နှစ်ဦးအား ချက်ချင်းမဖမ်းဆီးနိုင်ခြင်းသည် ၎င်းတို့တွင် သေနတ်ကိုင် ဆောင်ထား၍ဖြစ်ကြောင်း သိရ
သည်။
ထိုထိုင်းအမျိုးသားနှစ်ဦးသည် အဓမ္မကျင့်ခံရသည့် မြန်မာအမျိုးသမီး အလုပ်လုပ်နေသော စက်ရုံမှ အလုပ်သမား ခေါင်းဆောင်များဖြစ်ပြီး စက်ရုံပိုင်ရှင်၏ တပည့်များ ဖြစ်ကြကြောင်း၊ အဓမ္မပြုကျင့်စဉ်တွင် ကွန်ဒုံးကို အသုံးပြု၍ ပြုကျင့်ခဲ့သည့်အတွက် တရားစွဲဆိုနိုင် ရန် အမှု တည်ဆောက်နေရဆဲ ဖြစ်ကြောင်း ကိုရဲမင်းက ပြောသည်။
“ထိုင်းနှစ်ယောက်ကတော့ ငြင်းဆိုနေတဲ့အတွက် အဲဒီအမှုဖြစ်တုန်းက မြင်လိုက်တဲ့ မြန်မာအလုပ်သမားတွေက ရဲရဲဝံ့ဝံ့ သက်သေထွက်ဆိုပေးဖို့ အရေးကြီးပါတယ်။ ဖြစ်တဲ့အချိန်တုန်းက မြင်ပေမယ့် သူတို့မှာ သေနတ်ပါတော့ ဘယ်သူမှ အနားမကပ်ရဲခဲ့ကြပါဘူး”ဟု လည်း ၎င်းက ပြောဆိုသည်။
အဓမ္မပြုကျင့်သူနှစ်ဦးသည် ပြစ်မှုမကျူးလွန်ခဲ့ဟု ငြင်းဆိုနေကြသော်လည်း အမျိုးသမီးတဦးတည်း ရှိနေသည့် နေအိမ်ထဲသို့ အဓမ္မဝင်ရောက်ခြင်းကပင် ဥပဒေကြောင်းအရ ပိုင်နက်ကျုးလွန်မှုဖြင့် တရားစွဲဆိုနိုင်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အမှုများကို လိုက်ပါဆောင်ရွက် ပေးနေသည့် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများကြား၊ လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ လုယက်မှု စသည့် ရာဇဝတ်မှုများ ယခုအခါ ပိုမိုများပြားလာနေကြောင်း၊ ထိုသို့ များပြားလာရခြင်းသည် ရွှေ့ပြောင်း အလုပ်သမားဦးရေ များပြားလာခြင်း၊ အထူးသဖြင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားများ တရားဝင်၊ တရားမဝင် လာရောက်သူဦးရေ တိုးပွားလာခြင်းကြောင့်ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
ထို့အတူ ထိုင်းအာဏာပိုင်များအနေဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အမှုအခင်း၊ ပြစ်မှုများနှင့်ပတ်သက်ပါက အလေးထား ဆောင်ရွက်မှု အားနည်းကြောင်း၊ အထူးသဖြင့် မြန်မာအလုပ်သမားများအပေါ် ထိုင်းနိုင်ငံသားများက ပြစ်မှုကျူးလွန်ပါက ထိုင်း အာဏာပိုင်များက အလေးထားဖြေရှင်းပေးမှု မရှိကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း မြန်မာအလုပ်သမား အချင်းချင်း စကားများရန်ဖြစ်ရာမှ အမျိုးသမီးတဦးကို မြန်မာအလုပ်သမား တဦးက မီးရှို့သတ်မှု ဖြစ်ပေါ်ခဲ့သေးသည်။
“မြန်မာရွှေ့ပြောင်း ၃ သန်းလောက်အတွက် ပြစ်မှုတွေ လျော့ကျဖို့ဆိုရင် ဦးဆောင်ပြီးတော့ လိုက်ပါကူညီပေးမယ့် အဖွဲ့အစည်းကြီး တခု လိုအပ်ပါတယ်။ သံရုံးနဲ့အပြိုင် အဖွဲ့ကြီးတခုဖွဲ့ပြီးတော့ ထိထိရောက်ရောက် ကူညီနိုင်မယ်ဆိုရင်တော့ ပြစ်မှုတွေ လျော့ကျလာနိုင်တယ်”ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောဆိုသည်။