သတင်း

ဒုဋ္ဌဝတီမြစ်ပေါ် ဆောက်လုပ်နေဆဲ ရေအားလျှပ်စစ် စီမံကိန်း ဒေသခံများကန့်ကွက်

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ်မြောက်ပိုင်း  ဒုဋ္ဌဝတီမြစ်ပေါ်တွင် ဆောက်လုပ်နေဆဲဖြစ်သည့် ရေအားလျှပ်စစ်စီမံကိန်းအား ဒေသခံများက သဘော မတူ သဖြင့် ကန့်ကွက်နေပြီး လွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း သတင်းရသည်။

ထိုရေအားလျှပ်စစ် စီမံကိန်းကို ကျောက်မဲမြို့နယ် တောင်ခြေကျေးရွာရှိ ဒုဋ္ဌဝတီမြစ်ပေါ်တွင် တည်ဆောက်ရန် ၂၀၁၀ ပြည့်နစ် ကတည်း က နိုင်ငံတော် စီမံကိန်းအဖြစ် စတင်ခဲ့ခြင်းဖြစ်ကြောင်း ရေအားလျှပ်စစ် အကောင်ထည်ဖော်ရေး ဦးစီးဌာနမှ သိရသည်။

“စီမံကိန်းကို ဒေသခံတွေက ၂၀၁၄ ခုနစ်မှ စသိခဲ့တာ။ အခု ရေဝပ်ဧရိယာဖြစ်တဲ့ သီပေါမြို့နယ် တာလုံကျေးရွာက ဒေသခံတွေက ရွှေ့ပြောင်းရမယ်ဆိုတဲ့ အတွက် စီမံကိန်းကို လက်မခံကြဘူး။ စီမံကိန်း ရပ်ဆိုင်းဖို့ တောင်းဆိုနေကြတယ်”ဟု သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေး က ဧရာဝတီကို ပြောသည်။

ဒုဋ္ဌဝတီမြစ်ပေါ်တွင် ထပ်မံပြီး ရေကာတာ ၂ ခု တည်ဆောက်ရန် လျာထားကြောင်း၊ ထိုရေကာတာများသည် နမ္မတူမြို့နယ်တွင် ၁ ခု၊ သီပေါမြို့နယ်တွင် ၁ ခု ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသခံများက မတ်လ ၁၃ ရက်တွင် ကန့်ကွက်ဆန္ဒပြကြောင်း သိရသည်။

ရေကာတာများ ထပ်မံတည်ဆောက်မည် ဆိုပါက ဒုဋ္ဌဝတီမြစ်ကို အားကိုးနေရသည့် ပြည်သူများနှင့် ဒုဋ္ဌဝတီမြစ်ဘေးတွင် နေထိုင် သူများ ရေလွှမ်းမိုးမှု ကြုံလာနိုင်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များက ပြောဆိုသည်။

ထိုရေအားလျှပ်စစ် စီမံကိန်းနှင့်ပတ်သက်ပြီး သီပေါမြို့နယ် တာလုံကျေးရွာမှ ဒေသခံ အမျိုးသမီးတဦးက“ကျမတို့ ဒီရွာကနေ မပြောင်းရွှေ့ချင်ဘူး။ ကျမတို့ ရွာသားတွေရဲ့ ဆန္ဒကတော့ လုံးဝမဆောက်စေချင်ဘူး။ ကျမတို့ ပြောင်းရွှေ့ရမယ်ဆိုရင် ကျမတို့ဒေသခံ တွေ စားဝတ်နေရေး အခက်အခဲမျိုးစုံ ကြုံလာနိုင်ပါတယ်”ဟု ပြောသည်။

ထိုစီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရ၏ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှု အကဲဖြတ်ချက်နှင့် လူမှုဘဝ ထိခိုက်နစ်နာမှု အကဲဖြတ် ချက်များ(EIA/SIA) စစ်ဆေးချက်အရ ရေဝပ်ဧရိယာဖြစ်သည့် သီပေါမြို့နယ် တာလုံကျေးရွာမှ အိမ်ခြေ ၁၅၀ ခန့်သာ ပျက်စီး မည် ဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ထိုရေအားလျှပ်စစ် စီမံကိန်းနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိ ရေအားလျှပ်စစ် အကောင်ထည်ဖော်ရေး ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူးက စီမံကိန်း ရပ်ဆိုင်းမည့် အကြောင်းမရှိဘဲ အစိုးရသစ် လက်ထက်အထိ ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောဆိုသည်။

ဒေါ်နန်းစမ်းစမ်းအေးက“လွှတ်တော်ထဲမှာ တင်ပြဖို့ ရှိပါတယ်။ အရင်ဆုံးကတော့ ရှမ်းပြည်နယ်လွှတ်တော်မှာ တင်ပြမယ်။ အကြောင်းမထူးရင်တော့ ပြည်ထောင်စု လွှတ်တော်မှာ ဆက်တင်ပြသွားမယ်။ ရပ်ဆိုင်းမှု မလုပ်ခဲ့ဘူးဆိုရင် ဆုံးရှုံးတဲ့ ဒေသခံပြည်သူ တွေအတွက် ရသင့်ရထိုက်တဲ့ လျော်ကြေး ပေးရမယ်။ လျှပ်စစ်ဓာတ်အားကိုလည်း ရှမ်းပြည်နယ်ကို ပြန်လည် အသုံးပြုစေချင်တယ်” ဟု ပြောသည်။

အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းသည် လက်ရှိအချိန်၌ ၃၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဟုလည်း ဆိုသည်။

ထိုစီမံကိန်းက၂၀၁၀ ခုနစ်ကတည်းက နိုင်ငံတော်စီမံကိန်းအဖြစ် စတင်ခဲ့ခြင်းဖြစ်သော်လည်း ဒေသခံပြည်သူများက ၂၀၁၄ ခုနစ်မှသာ သိရှိခဲ့ရကြောင်းနှင့် စီမံကိန်းကို ၂၀၁၈ ခုနစ်တွင် အပြီးပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၁၉ ခုနစ်တွင် လျှပ်စစ်မီး ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ရေအားလျှပ်စစ် အကောင်ထည်ဖော်ရေး ဦးစီးဌာနမှ သိရသည်။

Loading