ပဲခူးတိုင်းအတွင်းမှ အသက်မပြည့်သေးသော မိန်းကလေးငယ် တဦး အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်ပြီး နတ္တလင်းမြို့နယ် တရားရုံး၌ ကြားနာစစ်ဆေးနေမှုအပေါ် ကျေနပ်အားရမှုမရှိသည့်အတွက် ခရိုင်အဆင့်တရားရုံးတွင် ပြောင်းရွှေ့စစ်ဆေးပေးရန် တရားလို မိန်းကလေးငယ် မိသားစုဘက်က တိုင်း တရားရုံးချုပ်သို့ တောင်းဆိုထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းအနောက်ပိုင်း နတ္တလင်းမြို့နယ် ကုလားတက်ထွန်းကျေးရွာအုပ်စု ကွမ်းခြံကုန်းကျေးရွာမှ ၁၂ နှစ်အရွယ် ၇ တန်း ကျောင်းသူကို အိမ်နီးချင်းဖြစ်သူ အသက် ၃၂ နှစ်အရွယ် အိမ်ထောင်သည် မိုးကျော် ဆိုသူက အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲ၍ ပုဒ်မ ၃၇၆ ဖြင့် နတ္တလင်းမြို့နယ်တရားရုံး၌ အမှုကြားနာ စစ်ဆေးနေမှုအပေါ် ကျေနပ်အားရမှု မရှိသည့်အတွက် ၂၀၁၅ ခုနှစ် နိုဝင်ဘာ လ က ပဲခူးတိုင်းတရားရုံးချုပ် တရားသူကြီးထံ အသနားခံစာ တင်ပြတောင်းဆိုထားခြင်း ဖြစ်သည်ဟု မိန်ကလေးငယ်၏ ဖခင်ဖြစ်သူ ဦးအောင်ကျော်မိုး က ဧရာဝတီကို ပြောပြသည်။
“ကျနော်သိရသလောက် အခုလို ကလေးသူငယ်တွေအပေါ် အဓမ္မပြုကျင့်တဲ့အမှုတွေကို ခရိုင်တရားရုံးတွေမှာပဲ စစ်ဆေးလေ့ရှိပါတယ်။ အခု ကျနော့်သမီးအမှုကို မြို့နယ်အဆင့်မှာပဲ စစ်နေတယ်။ ကျနော်တို့ စိတ်ထဲမှာ အဲဒီအပေါ်မှာ ဘဝင်မကျဘူး။ တခြား သက်ငယ် မုဒိမ်းမှုတွေလိုပဲ ခရိုင်တရားရုံးမှာပဲ စစ်ဆေးပေးစေချင်တယ်။ အမှုစစ်တာ ၅ လ ကျော်နေပြီ အခုချိန်ထိ အမှုက ရုံးချိန်း ၈ ချိန်း ရှိနေပြီ။ တိုင်း တရားရုံးချုပ် တရားသူကြီးကိုလည်း ခရိုင်အဆင့်မှာ စစ်ပေးဖို့ အသနားခံစာ တင်ထားတာ ၃ လကျော်ပါပြီ။ ဘာမှမထူးသေးဘူး”ဟုလည်း ဦးအောင်ကျော်မိုးက ပြောဆိုသည်။
ထိုအသက် ၁၂ နှစ်အရွယ် ၇ တန်းကျောင်းသူ မိန်းကလေးငယ်တွင် ကိုယ်ဝန် ၆ လ ရှိမှသာ မိဘများက အကြောင်းစုံသိရှိခဲ့ပြီး နတ္တလင်းမြို့ ရဲစခန်းတွင် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက်က ပုဒ်မ ၃၇၆ ဖြင့်မိခင်ဖြစ်သူ ဒေါ်ခင်ဆွေဝင်းက အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“သမီးလေး ခြေတွေလက်တွေယောင်နေတော့ ဆေးခန်းသွားပြမှ ကိုယ်ဝန် ၆ လရှိမှန်း သိရတယ်။ ဆေးခန်းကနေ အိမ်ပြန်ခေါ်လာပြီး ချော့မေးမှ ပြောပြတယ်။ ပြန်ပြောရင်သတ်ပစ်မယ်ဆိုပြီး ကလေးကို ခြိမ်းခြောက်ထားလို့ မပြောရဲဘူး။ အဓမ္မကျင့်တာက တကြိမ် တည်း မဟုတ်ဘူး။ မိဘတွေ လစ်ပြီဆိုတာနဲ့ ခေါ်ပြီးထပ်ကျင့်တယ်။ နှစ်ကြိမ်တောင် ခေါ်ပြီးထပ်ကျင့်တယ်လို့ ပြောတယ်”ဟု မိခင်ဖြစ် သူ ဒေါ်ခင်ဆွေဝင်းက ပြောသည်။
အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံရသူ ကွမ်းခြံကုန်းရွာနေ ကိုမိုးကျော်၏ မိသားစုဝင်များအား တွေ့ဆုံမေးမြန်းရန် သွားရောက်ခဲ့သော် လည်း ၎င်း၏ မိသားစုဝင်များသည် လွန်ခဲ့သည့်တပတ်ခန့်က အဆိုပါရွာမှ မိသားစုလိုက် ပြောင်းရွှေ့သွားကြောင်း သိရသည်။
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ ခရိုင်တရုံးများတွင်သာ စစ်ဆေးလေ့ရှိကြောင်း၊ ထိုကဲ့သို့ အမှုများအား သက်ဆိုင်ရာ တရားရုံးကိုသာ လျှောက်ထားရမည် ဖြစ်သည်ဟု ဥပဒေအရ အတိအကျ ပြဌာန်းရန် လိုအပ်ကြောင်း၊ ထိုအမှုနှင့် လိုက်ဖက်မည့် ပြစ်ဒဏ်မျိုး ချမှတ်သင့်ကြောင်း မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်းကြီး ဗဟိုကော် မတီ အဖွဲ့ဝင် တွဲဖက်ပြန်ကြားရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးခင်ထွန်းက ပြောသည်။
“ဒါမျိုးသက်ငယ်မုဒိန်းမှုတွေဆို ခရိုင်တရားရုံးမှာသာ စစ်ဆေးလေ့ ရှိပါတယ်။ သို့သော် ကျူးလွန်တဲ့ ပြစ်မှုနဲ့အညီ ပြစ်ဒဏ်ချမှတ်ပေး တဲ့ တရားရုံးတွေမှာ အမှုစစ်ဆေး ကြားနာသင့်တယ်။ တရားဥပဒေမှာ ဘယ်အမှုက ဘယ်ကိုတင်ရမယ်ဆိုတာ ပြဌာန်းထားတာ မရှိပေမယ့်၊ ပေးနိုင်တဲ့ ပြစ်ဒဏ်ပေါ်မှာ မူတည်ပြီး အမှုကို တင်သင့်ပါတယ်။ မြို့နယ်အဆင့်မှာဆို ၇ နှစ်အထိ ပြစ်ဒဏ်ပေးနိုင်ပါတယ်။ ဒီအမှုမျိုးက နောင်ကို ဆက်တိုက်ဆက်တိုက် ကြုံတွေ့လာမယ့် အမှုမျိုးဖြစ်နေတယ်။ အဲဒါကို တိကျခိုင်မာတဲ့ နည်းဥပဒေအဖြစ် ပြဌာန်း ပေးဖို့ လိုနေပါပြီ”ဟုလည်း တရားလွှတ်တော်ရှေ့နေ ဦးခင်ထွန်းက ပြောဆိုသည်။