မြန်မာနိုင်ငံကို ဖွွွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ အဖြစ်မှ လွတ်မြောက်ရေး အတွက် ပြည်ထောင်စုဝန်ကြီးဦးရေနှင့် ဝန်ကြီးဌာန များ လျှော့ချ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ယနေ့ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းဝေး တွင် နိုင်ငံတော်သမ္မတ အဖြစ် တင်မြှောက် ခံထားရသူ ဦးထင်ကျော် က ပြောဆိုလိုက်သည်။
“သုံးစွဲမှု ကို တတ်နိုင်သမျှ လျော့နည်းသက်သာပါမှ၊ အတတ်နိုင်ဆုံး ခြိုးခြံချွေတာပါမှ နိုင်ငံတော်ဘဏ္ဍာငွေများ စုဆောင်း နိုင်ပြီး ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်နိုင်မှာဖြစ်ပါတယ်။ နောင်မျိုးဆက်များအတွက် နိုင်ငံ့ဘဏ္ဍာ အရန် ငွေများ ချန်ထားခဲ့ပြီး တိုင်းပြည်ဘဏ္ဍာငွေများ ချန်ထားခဲ့နိုင်မှာဖြစ်ပါတယ်။ အဆိုပါဘဏ္ဍာငွေများကိုလည်း လေလွင့် ဆုံးရှုံး မှုမရှိစေဘဲ ပိုနေတဲ့နေရာမှသည် လိုနေတဲ့နေရာဆီသို့ ပြည်သူလူထု လူနေမှုဘဝ အဆင့် အတန်း မြင့်မား ရေး အတွက် မျှဝေနိုင်မှာဖြစ်ပါတယ်” ဟု ဦးထင်ကျော်က ပြောသည်။
ဝန်ကြီးဌာန နှင့် ပြည်ထောင်စုဝန်ကြီး ဦးရေ များ လျှော့ချလိုက်သည့်အတွက် အစိုးရ သက်တမ်း ၅ နှစ် အတွင်း ကျပ် သန်း ၅၀၀၀ ခန့် ပိုလျှံလာမည်ဖြစ်ကြောင်း၊ ပိုလျှံလာမည့် ငွေများ ကို နိုင်ငံ အတွက် လိုအပ်နေသည့် ပညာရေး၊ ကျန်းမာရေး နှင့် ကျေးလက်ဖွံ့ဖြိုးရေး တို့တွင် ပိုမိုသုံးစွဲရန် လျာထားကြောင်း ဦးထင်ကျော်က ဆိုသည်။
ထို့ပြင် အရေအတွက် ထက် အရည်အချင်း ကို ဦးစားပေးရေး ၊အဂတိကင်းရှင်း သော လူ့အသိုင်းအဝိုင်းတည်ဆောက်ရေး နှင့် စွမ်းဆောင်ရည်မြင့်မားပြီး ကျစ်လစ်ခိုင်မာသော အစိုးရ အဖွဲ့ ဖော်ဆောင်ရေး တို့ကို ဦးတည်ဆောင်ရွက်မည်ဟုလည်း ဦးထင်ကျော် က ပြောကြားသည်။
NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က “ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရ အသုံးစရိတ်ကို လျှော့ချချင်တယ်။ အဲလိုဆိုရင် ဝန်ထမ်းတွေအတွက် နေရာတွေ လစ်လပ်ပြီး ဟိုပြောင်း ဒီပြောင်း ပြောင်းရမှာတွေ ရှိတယ်။ ပြောင်းချင်တဲ့ ဌာန ကို ပြောင်းလို့ရအောင်လည်း ကျနော်တို့ စီစဉ်ထားတယ်။ ဒါပေမယ့် အဲဒီဌာနပြောင်းဖို့ အရည်အချင်း မရှိဘူး ဆိုရင်လည်း သင်တန်းတွေ တက်ရမယ်” ဟု ဧရာဝတီနှင့် အင်တာဗျူးတခုတွင် ပြောထားသည်။
ဝန်ကြီးဌာနများနှင့် ဝန်ကြီးဦးရေ လျော့ချ ဖွဲ့စည်းလိုက်သည့် အတွက် ဝန်ထမ်းများ အလုပ်လက်မဲ့ ဖြစ်သွားမည့်ကိစ္စ ကို စိုးရိမ်နေကြောင်း၊ သို့သော် ဝန်ကြီးဌာန နှင့် ဝန်ကြီး ဦးရေ လျော့နည်းမှုသာ အပြောင်းအလဲရှိပြီး ဝန်ထမ်းများ ကို ပြောင်း ရွှေ့ နေရာချထားပေးခြင်းဖြင့် အလုပ်အကိုင် လုံခြုံမှု ပေးမည်ဖြစ်ကြောင်း နှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်သည့် အလုပ်ကိုသာ လုပ်ကိုင်မည် ဆိုပါက အလုပ်လက်မဲ့ဖြစ် စရာအကြောင်းလုံးဝ မရှိဟု သမ္မတသစ် ဦးထင်ကျော်က လွှတ်တော်သို့ တရားဝင် အသိပေးပြောဆိုသည်။
“ဝန်ကြီး ၁၈ ယောက် ဆိုတာ အစိုးရ တဖွဲ့လုံး အတွက်ပါ။ တပ်မတော ်က ခန့်မယ့် ၃ ယောက် အပါအဝင် ၁၈ ဦး ဖြစ်တဲ့အတွက် တချို့ဝန်ကြီးဌာနတွေကို ဝန်ကြီး တယောက်တည်းက တွဲကိုင်မှာပါ”ဟု NLD ပါတီ မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်းက ဧရာဝတီ သို့ ပြောသည်။
အစိုးရသစ်လက်ထက်တွင် ဝန်ကြီးဌာန ၂၁ ခုနှင့် ဝန်ကြီးဦးရေ ၁၈ ဦးသာ ထားရှိရန် သမ္မတသစ် ဦးထင်ကျော်က လွှတ် တော် သို့ တင်ပြခဲ့ပြီး လွှတ်တော်က မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ အများဆုံးရရှိသည့်အတွက် ယင်းစာရင်းကို လွှတ်တော် က အတည်ပြုလိုက်ပြီး ဝန်ကြီးဌာန အလိုက် တာဝန်ယူဆောင်ရွက်မည့် ပြည်ထောင်စုဝန်ကြီး အမည်စာရင်းကို မတ် ၂၂ ရက် နေ့တွင် တရားဝင်ကြေညာမည်ဖြစ်သည်။