ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၉ ဖွဲ့နှင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က မြန်မာနိုင်ငံ ဖက်ဒရယ် ပြည်ထောင်စုအတွက် လိုအပ်သည့် အချက်အလက်များ စုစောင်း၍ မူကြမ်းတခု ရေးဆွဲလျက်ရှိကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲကို UNFC အဖွဲ့ဝင်များ တက်ရောက်ပြီး ဖက်ဒရယ်ဆိုင်ရာ နိုင်ငံတကာ တတ်သိပညာရှင် တချို့၊ ဖက်ဒရယ်အရေး လေ့လာနေသူ မြန်မာနိုင်ငံသား တချို့နှင့် ပြည်ပနိုင်ငံများတွင် သွားရောက် သင်ကြားလေ့လာခဲ့သော မြန်မာနိုင်ငံသား တချို့ပါဝင်ဆွေးနွေးကြကြောင်း UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက သတင်းမီဒီယာများကို ပြောသည်။
နိုင်ဟံသာက “ကျနော်တို့နိုင်ငံ အခြေအနေနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံမျိုး အားလုံးကလည်း တောင်းဆိုနေတာကတော့ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ စစ်စစ်မှန်မှန် ဖြစ်ဖို့ပေါ့ဗျာ။ အဲဒါက အဓိက အရေးအကြီးဆုံး အချက်ဖြစ်တယ်။ အဲဒါကြောင့် ဒါကို ကောင်းကောင်းမွန်မွန်နဲ့ လေ့လာဖို့လိုတယ်။ ဒါမှ ကျနော်တို့ တကယ်တမ်း အစိုးရ ကိုယ်စားလှယ်တွေနဲ့ ပြည်တွင်းက နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတဲ့ အခါကျရင် ဒီကိစ္စတွေကို ကျနော်တို့က ဆွေးနွေးရမယ် ဆိုတော့ ကျနော်တို့ဘက်က ဘက်ပေါင်းစုံကနေပြီးတော့မှ အချက်အလက်ကို စုစောင်းရှာဖွေပြီးတော့မှ လေ့လာထားတဲ့သဘောပါ” ဟု ဆိုသည်။
ဆွေးနွေးပွဲကို မတ်လ ၂၁ ရက်နေ့မှ စ၍ ၆ ရက်အကြာ ပြုလုပ်သွားမည်ဖြစ်ပြီး နောက်ဆုံးနှစ်ရက်တွင် UNFC အဖွဲ့ဝင် အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ တက်ရောက်ကာ ဖက်ဒရယ်မူကြမ်းရ ရှိမှုအပေါ် သုံးသပ်ဖြည့်စွက်မှုများ၊ အတည်ပြုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးမည့် အကြောင်းအရာများထဲတွင် ဖက်ဒရယ်စနစ်နှင့် ကိုက်ညီမည့် လွှတ်တော်ဖွဲ့စည်းပုံ၊ အာဏာခွဲဝေပုံ၊ လုံခြုံရေးပိုင်ဆိုင်ရာ တပ်များဖွဲ့စည်းပုံ၊ ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ် စသည်တို့ကို မြန်မာနိုင်ငံ အခြေအနေနှင့် ကိုက်ညီအောင် စုပေါင်းတိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ တိုင်းရင်းသားတွေဘက်က လိုလားတာကတော့ ပြည်နယ်တွေနဲ့ စုစည်းတယ်။ အမျိုးသားပြည်နယ်၊ အမျိုးသားများ ပြည်နယ်ပေါ့။ ဒါပေမယ့် အတွင်းပိုင်းကတော့ အစိုးရအုပ်စုက ဆိုရင်တော့ ပြည်နယ်နဲ့တိုင်းနဲ့ အဲပုံစံမျိုး ဘယ်လိုစုစည်းမလဲ။ နောက် အာဏာကို ဘယ်လိုခွဲဝေမလဲ။ ဥပမာ ပြည်ထောင်စု အစိုးရက ဘယ်လိုအာဏာမျိုးကို ယူမလဲ။ ဘယ်လို တာဝန်မျိုးကို ယူမလဲ။ ပြည်နယ်တွေက ဘယ်လိုအပိုင်းမှာ သူတို့အတွက်ကို အာဏာခွဲဝေထားမလဲပေါ့ဗျာ” ဟု နိုင်ဟံသာက ပြောသည်။
ထို့အတူ ပြည်နယ်ရှိထားသော တိုင်းရင်းသားများ၏ အခွင့်အရေးအပြင် အရေအတွက်နည်းပြီး ပြန့်ကျဲနေသော တိုင်းရင်းသားများ၏ အခွင့်အရေး စသည်တို့ကိုလည်း ထည့်သွင်း ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ ဖက်ဒရယ် ပြည်ထောင်စုအရေး ဆွေးနွေး ချက်များကို စာအုပ်ထုတ်၍ လူထုကို ချပြီပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ခေတ်အဆက်ဆက် စစ်တပ်က ဗဟို ဦးစီးချုပ်ကိုင်မှု စနစ်ဖြင့် အုပ်ချုပ်လာခဲ့ပြီးနောက် တိုင်းရင်းသား ဒေသအများစုတွင် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စသည်တို့တွင် အဘက်ဘက်က ချွတ်ခြုံကျခဲ့ရကြောင်း စစ်မှန်သည့် ဖက်ဒရယ်စနစ်ကို မရရှိလျှင် ယင်းသို့သော ဘေးဒုက္ခဆိုးကျိုးများမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ကြောင်း ဥပဒေအထောက်အကူပြုကွန်ရက် (LAN) အဖွဲ့ကို တည်ထောင်သူ တဦးလည်းဖြစ်၊ ကချင်ပြည်နယ် မိုင်ဂျာယန် ဒေသတွင် ဖက်ဒရယ်ဥပဒေ အကယ်ဒမီကျောင်းကို ဖွင့်လှစ် သင်ကြားပေးနေသူလည်းဖြစ်သည့် ရှေ့နေ ဦးအောင်ထူးက ပြောသည်။
“NLD ပါတီကလည်း ဖက်ဒရယ်ဆိုတဲ့ စနစ်ကို လက်ခံထားပြီးသား၊ တိုင်းရင်းသားတွေ တောင်းဆိုနေတာကတော့ ကြာပြီ။ တခုပဲ ရှိတယ်။ တခုပဲ လိုတာရှိတယ်။ သွားသင့်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ဆိုတာ ဘာလဲဆိုတဲ့ အပေါ်မှာတော့ဖြင့် လူထုဆွေးနွေးပွဲတွေ ပေါ်လာဖို့လိုတယ်။
တိုင်းရင်းသား ပြည်နယ်တွေရဲ့ သဘောထားဆန္ဒတွေ ယူဖို့လိုတယ်။ နိုင်ငံတကာက နားလည်မှု ပိုရှိလာဖို့ လိုတယ်။ ဒီအခြေခံက သွားမှသာလျှင် ပြည်တွင်းငြိမ်းချမ်းရေး ရပြီးတော့ စီးပွားရေး တိုးတက်မှုက ဖြစ်နိုင်မှာပါ” ဟု သတင်းထောက်များကို ပြောသည်။