သတင်း

ပြင်းထန် ဦးနှောက်အမြှေးရောင် ရောဂါပိုး သံသယရှိ ကလေးငယ်များ စစ်ဆေးမှုခံယူ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြင်းထန် ဦးနှောက်အမြှေးရောင် ရောဂါပိုး သံသယရှိခံရသည့် ကလေး ၂၀ ဦးအား ရန်ကင်းကလေး ဆေးရုံသို့ ပို့ဆောင်စစ်ဆေးမှု ပြုနေရာမှ ကလေး ၁၉ ဦးတွင် ရောဂါပိုး မတွေ့ရှိရသဖြင့် ယနေ့တွင် ဆေးရုံမှ ဆင်းခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း ရန်ကင်းဆေးရုံကြီး၏ တာဝန်ခံဆရာဝန် ဒေါက်တာ သာထွန်းကျော်က ပြောသည်။

“ရက်သားကလေး တဦးကတော့ အဆုတ်ရောင်လက္ခဏာ တွေ့ရတဲ့အတွက် ဆေးရုံဆင်းခွင့် မပြုသေးပါဘူး။ ကျန်တဲ့ကလေး ၁၉ ဦးလုံးကို ဒီနေ့ဆင်းခွင့် ပြုလိုက်ပါပြီ။ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက ကွင်းဆင်းစစ်ဆေးမှုနဲ့ အဲဒီကလေး ၂၀ ဦးလုံး ဆေးရုံကြီးကို ရောက်လာတာပါ” ဟု ဒေါက်တာ သာထွန်းကျော်က ဆိုသည်။

ရန်ကင်းဆေးရုံ၌ စစ်ဆေးမှုခံယူနေသည့် ကလေး ၂၀ ဦးအား ထိုဆေးရုံ၏ အဆောင်လွတ်တွင် သီးသန့် နေရာပေးထားပြီး စောင့်ကြည့်ကြပ်မတ် ကုသခဲ့ကြောင်း၊ ကလေးများကို လာရောက်ကြည့်ရူသည့် မိဘဆွေမျိုးများကို လိုအပ်သည့် ကာကွယ်ဆေးများ တိုက်ကျွေးပြီးမှ ကလေးများနှင့် တွေ့ဆုံနိုင်ရန် သီးသန့် အဆောင်တွင် စီစဉ်ပေးထားကြောင်း ရန်ကင်းကလေးဆေးရုံမှ တာဝန်ကျ ဆရာဝန်များက ပြောသည်။

“ကလေး အားလုံးလိုလိုက ဖျားနေတာတော့ မဟုတ်ပါဘူး။ မဖျားဘဲနဲ့ စိုးရိမ်ပြီး ရောက်လာတဲ့ ကလေးတောင် ပါလာပါတယ်။ အားလုံးကိုစစ်တာ ဦးနှောက်အမြှေးရောင် ရောဂါပိုး မတွေ့ရပါဘူး” ဟု ဒေါက်တာ သာထွန်းကျော်က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက် ည ၁၀ နာရီခန့်က ရန်ကင်း ကလေးဆေးရုံသို့ ရောက်ရှိလာသည့် အသက် ၈ နှစ်အရွယ် ကလေးငယ် တဦးအား မည်သည့်ရောဂါရှိ မရှိ စစ်ဆေးနေစဉ် ည ၁၀ နာရီခွဲတွင် သေဆုံးသွားကြောင်း၊ သေဆုံးသွားသည့် ကလေးငယ်၏ ရုပ်အလောင်းကို စစ်ဆေးရာတွင် ပြင်းထန်ဦးနှောက် အမြှေးရောင် ရောဂါပိုးကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့နောက် သေဆုံးသွားသည့် ကလေးငယ် နေထိုင်ခဲ့သော တောင်ဒဂုံမြို့နယ် စည်ပင်ဝင်းအနီးသို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သွားရောက် စစ်ဆေးခဲ့ရာတွင် ဖျားနာနေသည့် သံသယရှိသူ ကလေး ၂၀ ဦးကို ရန်ကင်းဆေးရုံသို့ ပို့ဆောင်စစ်ဆေးမှု ပြုခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာ သာထွန်းကျော်က ရှင်းပြသည်။

“ရန်ကင်းဆေးရုံ ရောက်ပြီး နာရီဝက်အကြာမှာ အဲဒီကလေး သေဆုံးသွားတယ်။ ကလေးမိဘတွေကို မေးမြန်းကြည့်တော့ မကြာခင်ကလည်း သင်္ကန်းကျွန်းဆေးရုံမှာ ကလေးရဲ့ မောင်တဦး သေဆုံးသွားတယ်လို့ သိရတယ်။ သေသွားတဲ့ ကလေးကို ရင်ခွဲပြီး သွေးစကို စစ်ဆေးတော့ ဦးနှောက်အမြှေးရောင် B အမျိုးအစားကို တွေ့ရတယ်” ဟု ဒေါက်တာ သာထွန်းကျော်က ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်က မန္တလေးတိုင်း ဒေသကြီး မိတ္တီလာခရိုင်အတွင်း သာစည်မြို့နယ်တွင် ပြင်းထန် ဦးနှောက်အမြှေးရောင် ရောဂါပိုးကို စတင်တွေ့ရှိခဲ့ရပြီး ပြင်းထန် ဦးနှောက်အမြှေးရောင် ရောဂါပိုးကြောင့် သာစည်မြို့နယ်တွင် မတ်လ ၁၄ ရက်အထိ ကလေးငယ် ၅ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ဦးနှောက် အမြှေးရောင် ရောဂါပိုးသည် ကလေးများတွင်သာမက လူကြီးများတွင်လည်း ဖြစ်ပွားနိုင်ကြောင်းနှင့် ရောဂါပိုးရှိသူ၏ တံတွေး၊ သွားရည်မှတဆင့် ကူးစက်နိုင်ကြောင်း၊ ရောဂါပိုး သယ်ဆောင်သူတွင် ရက်ပိုင်းအတွင်း ရောဂါလက္ခဏာများကို တွေ့ရှိနိုင်ပြီး၊ လက်ရှိအချိန်တွင် ထိုရောဂါ ဖြစ်ပွားမှုကို ပျောက်ကင်းအောင် ကုသနိုင်နေပြီဖြစ်ကြောင်း ဒေါက်တာ သာထွန်းကျော်က ပြောသည်။

ရောဂါတွေ့ရှိရသည့် နေရာများအား ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေက ဆေးဖြန်းခြင်း၊ ဆေးတိုက်ခြင်းစသည့် ကာကွယ်ရေး လုပ်ငန်းများကို လုပ်ကိုင်နေကြောင်း ၎င်းက ဆက်ပြောသည်။

ပြင်းထန် ဦးနှောက်အမြှေးရောင် ရောဂါ၏ လက္ခဏာများသည် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ပင်းတောင့်တင်းခြင်း၊ ပျို့အန်ခြင်း၊ အာရုံကြော တုန့်ပြန်မှု အားနည်းခြင်းများ ဖြစ်နိုင်ကြောင်း၊ ရောဂါပိုး သွေးအတွင်းရောက်လျှင် မောပန်းခြင်း၊ အန်ခြင်း၊ ခြေလက်များ အေးစက်ခြင်း၊ ကိုက်ခဲနာကျင်ခြင်း၊ အသက်ရှုမြန်ခြင်း၊ ဝမ်းလျှောခြင်း၊ အရေပြားတွင် အနီရောင်၊ အပြာရောင် ရှိသည့် အစက်အကွက်များထွက်ပြီး သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း ကျန်မာရေး ဦးစီးဌာနက အသိပေးထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading