ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်ရှိ ရွာတရွာတွင် စကားများရန်ဖြစ်ရာမှာ ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်မှုကြောင်း အရပ်သားတဦး ဒဏ်ရာရပြီး လိုက်လံဖမ်းဆီးသည့် ရဲအုပ်လည်း ဒဏ်ရာရသွားကြောင်း သိရသည်။
ဖြစ်စဉ် အကျဉ်းချုပ်မှာ ပဲခူတိုင်းအနောက်ပိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ သာရဝေါတိုက်နယ် အိုင်တလုပ် ကျေးရွာအုပ်စု၊ ရွာလေးကျေရွာရှိ နာရေးအိမ်တွင် မတ်လ ၂၀ ရက်နေ့က ၁ နာရီခွဲ၌ ဦးမောင်ဌေးက သားဖြစ်သူ ဇော်မင်းအောင်နှင့် တရွာတည်းနေ ဝေလင်းအောင်တို့ ရန်ဖြစ်စကားများသည်ကို ဖြန်ဖြေခွဲပေးခဲ့ကြောင်း၊ ဝေလင်းအောင်က နေအိမ်သို့ပြန်ကာ သေနတ်ယူဆောင်လာပြီး ပစ်ခတ်မှုကြောင်း ဦးမောင်ဌေး၏ ဘယ်ဘက် တံတောင်ဆစ် ကျည်ဆံ ထိမှန်ခဲ့ကြောင်း၊ ဝေလင်းအောင်က သေနတ် ၃ ချက် ထပ်မံပစ်ဖောက်ကာ ထွက်ပြေးသွားကြောင်း သိရသည်။
သာယာဝတီ ခရိုင် ရဲမှတ်တမ်းများအရ ဝေလင်းအောင်သည် သီတာကုန်း ကျေးရွာတွင် ရှိကြောင်း သတင်းရရှိ၍ သွားရောက်ဖမ်းဆီးခဲ့ကြောင်း၊ ဝေလင်းအောင်က ခုခံပစ်ခတ်သဖြင့် ရဲအုပ် အောင်နေဆန်း၏ ပေါင်နှစ်ဘက်တွင် သေနတ်ဒဏ်ရာရခဲ့ပြီးနောက် ဝေလင်းအောင်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
လက်ပံတန်း မြို့ခံ ကိုဝဏ္ဏက “ဖြစ်တာကတော့ နာရေးအိမ်မှာ ဖြစ်ကြတာ၊ စကားများရာကနေ အိမ်ပြန်ပြီး သူက သေနတ်ယူ ပြန်လာပြီး ပစ်ခတ်တယ်လို့ သိရတယ်။ နောက် လိုက်ဖမ်းတဲ့ရဲတပ်ဖွဲ့ကိုလည်း သေနတ်နဲ့ပြန်ခုခံလို့ ရဲတစ်ယောက်ဒဏ်ရာ ရတယ်လို့ကြားတယ်၊ ကောင်လေးက ထိုင်းမှာ သွားအလုပ်လုပ်နေတယ်လို့ ကြားတယ်” ဟု ပြောသည်။
ဝေလင်းအောင်ထံမှ အီတလီနိုင်ငံလုပ် ပစ္စတို ၁ လက်၊ ကျည်ကတ် ၂ ခုနှင့် ကျည်တောင့်များအား သိမ်းဆည်းရမိကာ ဆက်လက် အရေးယူနိုင်ရန် စုံစမ်းစစ်ဆေး နေကြောင်း၊ သာရဝေါနယ်မြေ ရဲစခန်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရသူ ဦးမောင်ဌေးက တရားလို ပြုလုပ် တိုင်ကြားထားသဖြင့် (ပ) ၂၃/၂၀၁၆၊ ပြစ်မှုပုဒ်မ-၃၀၇/၃၂၆ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။