အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ရွေးကောက်တင်မြှောက်ထားသော သမ္မတဦးထင်ကျော်က မတ်လ ၂၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုဝန်ကြီး ၁၈ ဦး၏အမည်စာရင်း တင်သွင်း ထုတ်ပြန်လိုက်သည်။ အဆိုပါ ဝန်ကြီး ၁၈ ဦးတွင် NLD မှ ၆ ဦး၊ ကြံ့ခိုင်ရေးပါတီမှ ၂ ဦး ၊ မွန်အမျိုးသားပါတီမှ ၁ ဦး၊ ပညာရှင် ၆ ဦး နှင့်တပ်မတော်သား ၃ ဦး စုစုပေါင်း ၁၈ ဦးပါဝင်သည်။
ပြည်ထောင်စုဝန်ကြီးများ၏ အမည်များ၊ကိုယ်ရေးအကျဉ်းနှင့် တာဝန်ယူနိုင်ဖွယ်ရှိသည့် ဝန်ကြီးဌာနများကို ဧရာဝတီက စုစည်းဖော်ပြလိုက်ပါသည်။
ဝန်ကြီးဌာန ၄ ခု၏ ဝန်ကြီးအဖြစ် သတင်းထွက်ပေါ်နေသူ ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဖြစ်ပြီး ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ သမ္မတ ဦးထင်ကျော် တင်သွင်းသည့် ဝန်ကြီးအမည်စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် နံပါတ် ၁ အဖြစ် ပါဝင်လျက်ရှိသည်။
၁၉ ၄၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ မွေးဖွားခဲ့ပြီး အသက် ၇၁ နှစ်ရှိနေပြီ ဖြစ်သည်။ အင်္ဂလန်နိုင်ငံ Oxford တက္ကသိုလ်မှ နိုင်ငံရေးသိပ္ဗံဘွဲ့ ရရှိခဲ့သည်။ ဖခင်မှာ လွတ်လပ်ရေး ဖခင်ကြီးနှင့်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်။ သား ၂ ဦးရှိပြီး ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ တွင် နေထိုင်လျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည် St.Francis Convent/Methodist English High School/Convent of Jesus & Mary Lady Shri Rarm College တို့တွင် ပညာသင်ခဲ့ပြီး St.Hugh’s College.Oxford မှ B.A ဘွဲ့ရရှိခဲ့သည်။ ကုလသမဂ္ဂရုံး၊ ဘူတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သုတေသန အရာရှိ ၊ ကျိုတိုတက္ကသိုလ်နှင့် Indian Institute of Advance Student Simla တို့ တွင် Visiting Scholar အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ၁၉ ၈၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အထွေထွေအတွင်းရေးမှူး၊ ၂၀၁၃ ခုနှစ် လက်ရှိအချိန်အထိ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူလျက်ရှိသည်။
၁၉ ၉ ၁ ခုနှစ်တွင် နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ပေးအပ်သည့် ဆုတံဆိပ်များစွာ ရရှိထားသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာအောင်သူ
ပြည်ထောင်စုဝန်ကြီး အမည်စာရင်းတွင် ဒေါက်တာအောင်သူ၏ အမည်ပါဝင်လာပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။
ဒေါက်တာအောင်သူကို ၁၉ ၅၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် မွေးဖွားခဲ့ပြီး အသက် ၆၁ နှစ်ရှိနေပြီဖြစ်သည်။ သူသည် NLD ပါတီမှ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၆ ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ်ကျောင်းဆရာ တဦး ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် အဖြစ် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်
ဦးသန့်စင်မောင်သည် NLD ပါတီမှ မုံရွာမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။
ဦးသန့်စင်မောင်ကို ၁၉ ၅၃ ခုနှစ် ၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မွေးဖွားခဲ့ပြီး အသက် ၆၃ နှစ်ရှိနေပြီဖြစ်သည်။ သူသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး အဖြစ် သတင်းထွက်ပေါ်နေသူဖြစ်သည်။
သူ၏ သချၤာဘာသာ အထူးပြုဖြင့် မဟာသိပ္ဗံဘွဲ့ ရရှိခဲ့ပြီး အထွေထွေမန်နေဂျာ(မြန်မာ့မီးရထား) ရာထူးဖြင့် အငြိမ်းစားယူခဲ့သည်။ သားသမီး ၃ ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် နေထိုင်လျက်ရှိသည်။
သာသနာရေးနှင့် ယာဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို
သူရဦးအောင်ကိုသည် ပြည်ထောင်စုဝန်ကြီးအမည်စာရင်းတွင် ပါဝင်နေပြီး သာသနာရေးနှင့် ယာဉ်ကျေးမှုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။
သူရဦးအောင်ကိုသည် ၁၉ ၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မွေးဖွားခဲ့ပြီး အသက် ၆၈ နှစ်ရှိနေပြီဖြစ်သည်။ ပြင်ဦးလွင် စစ်တက္ကသိုလ် မှ B.Sc (D.S.A) ဘွဲ့ကို ရရှိခဲ့သည်။ ၁၉ ၆၉ ခုနှစ်မှ ၁၉ ၉ ၇ ခုနှစ်အထိ တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်အထိ အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉ ၉ ၇ ခုနှစ်မှ ယနေ့အချိန်အထိ သိပ္ဗံနှင့်နည်းပညာဝန်ကြီးဌာနှင့် သာသနာရေးဝန်ကြီးဌာနတို့တွင် ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်ပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ချင်းပြည်နယ် ကန်ပက်လက်မြို့ နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ကန်ပက်လက်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး ဦးအုန်းဝင်း
ဦးအုန်းဝင်းသည် ၁၉ ၅၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် မွေးဖွားသူဖြစ်ပြီး အသက် ၆၆ နှစ်ရှိနေပြီဖြစ်သည်။ သူ့ကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်မည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။
သူသည် သစ်တောတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်(အငြိမ်းစား) ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ရေအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ ရရှိထားသူဖြစ်သည်။
သူ့တွင် သမီး ၃ ဦးရှိပြီး ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် နေထိုင်လျက်ရှိသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဦးသိန်းဆွေ
ရွေးကောက်ခံ သမ္မတ ဦးထင်ကျော်တင်သွင်းလိုက်သည့် ပြည်ထောင်စုဝန်ကြီးအမည်စာရင်း တွင် ဦးသိန်း ဆွေ ပါဝင်လာပြီး ဦးသိန်းဆွေသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ သူသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဖြစ်လာနိုင်သူ ဟု သတင်းထွက်ပေါ်လျက်ရှိသည်။
ဦးသိန်းဆွေကို ၁၉၄၉ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့တွင် မွေးဖွားခဲ့ပြီး အသက် ၆၇ နှစ်ရှိနေပြီဖြစ်သည်။ ပညာအရည်အချင်းမှာ B.Sc (D.S.A) , Honorary Academic Doctorate(Japan International Marine Science & Technology Federation-JIMSTEF) , Fellow of the Royal Institution of Naval Architects (UK) ဖြစ်သည်။
၁၉၆၇ ခုနှစ် မှ ၁၉၇၁ ခုနှစ် ဧပြီလ အထိ စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ် ၁၃ သို့ တက်ရောက်ခဲ့ပါသည်။ ၁၉၇၁ ခုနှစ် ဧပြီလမှ ၁၉၈၈ ခုနှစ်အထိ တပ်မတော်(ကြည်း) တွင် ဒုဗိုလ်အဆင့်မှ ဗိုလ်မှူးအဆင့်အထိ လည်းကောင်း၊ ၁၉၈၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ဒုတပ်ရင်းမှူးရာထူးဖြင့်လည်းကောင်း အဆင့်ဆင့် တာဝန်ထမ်းဆာင်ခဲ့ပြီး ဗိုလ်ချုပ်ရာထူး အထိ ရာထူးတိုးမြှင့်ခဲ့ရသည်။ ၂၀၀၃ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ဝန်ကြီးချုပ်ရုံးတွင် ဝန်ကြီး တာဝန်ဖြင့်လည်းကောင်း၊ ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ပို့ဆောင်ရေးဝန်ကြီး တာဝန်ကို လည်းကောင်း ထမ်းဆောင်ခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြံ့ ခိုင်ရေးပါတီမှ အနိုင်ရရှိခဲ့သည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ ဦးကျော်ဝင်း
ဦးကျော်ဝင်းသည် NLD ပါတီမှ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး သမ္မတဦးထင်ကျော်တင်သွင်းသည့် ဝန်ကြီးစာရင်းတွင် ပါဝင်ကာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်မည်ဟု သတင်းထွက်ပေါ်နေသည်။
သူသည် ၁၉ ၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မွေးဖွားခဲ့ပြီး အသက် ၆၈ နှစ်ရှိနေပြီဖြစ်သည်။ အခြေခံပညာကို အမှတ် ၁ အထက်တန်းကျောင်း၊ပုသိမ်မြို့တွင် သင်ကြားခံပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးဘွဲ့ ရရှိခဲ့သည်။ အမေရိကန်ပြည်ထောင်စု၊ Brooklyn Park University နှင့် Certified Master of Business Consultant ,GAFM တို့မှ ပါရဂူဘွဲ့ နှင့် Master of Consultant ဘွဲ့များ ရရှိခဲ့သည်။ ၁၉၇၂ ခုနှစ်မှ ၁၉ ၉၂ ခုနှစ်အထိ စီမံကိန်းမှူး ၊ ၁၉ ၉ ၂ ခုနှစ်မှ ၁၉ ၉ ၇ ခုနှစ်အထိ အခွန်ဦးစီးမှူး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၁၉ ၉ ၇ ခုနှစ်မှ ယနေ့အထိ NLD စီးပွားရေးကော်မတီတွင် စီးပွားရေး အကြံပေးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ သားသမီး ၃ ဦးရှိပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း) ယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်လျက်ရှိသည်။
စက်မှုဝန်ကြီး ဦးခင်မောင်ချို
သမ္မတဦးထင်ကျော် တင်သွင်းသည့် ပြည်ထောင်စုဝန်ကြီးစာရင်းတွင် ဦးခင်မောင်ချို၏ အမည် ပါဝင်လာပြီး စက်မှုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည်ဟု သတင်းများ ထွက်ပေါ် လျက်ရှိသည်။ သူ၏ကိုယ်ရေးအကျဉ်းနှင့်ပတ်သက်၍ အချက်အလက်တ စုံတရာ မရရှိသေးပေ။
ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး
ဒေါက်တာမြင့်ထွေးသည် ဆရာဝန်တဦးဖြစ်ပြီး သမ္မတ ဦးထင်ကျော် တင်သွင်းသည့် ပြည်ထောင်စုဝန်ကြီး စာရင်းတွင် ပါဝင်လာကာ ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။
၁၉ ၇၆ ခုနှစ်မှ ၁၉ ၉ ၄ ခုနှစ်အထိ ကျန်းမာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ သူ၏ ပညာအရည်အချင်းမှာ အမေရိကန်ပြည်ထောင်စု၊ John Hopkins University မှ Dr.PH(International Health/ Epidemiology )၊ ဖိလစ်ပိုင်နိုင်ငံ၊ University of Philippines, Institute of public health မှ
MPH (Epidemiology )(1982) ဘွဲ့၊ ဆေးတက္ကသိုလ် ၁ ရန်ကုန်မှ M.B.B.S နှင့် DP & TM, ဘွဲ့များ ရရှိခဲ့သည်။သူသည် အိမ်ထောင်သည်တဦးဖြစ်ပြီး သားတဦးနှင့် သမီးတဦးရှိသည်။
သူသည် ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ World Health Organization တွင် Director Programme Management, Regional office for South-East Asia အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ Chief-Internal Review &Technical Assessment , New Delhi, India အဖြစ်လည်းကောင်း ၊ ၂၀၀၀ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ Regional Advisor Evidence for Health Policy
New Delhi, India အထိလည်းကောင်း၊ ၁၉ ၉ ၄ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ Regional Advisor
Medical Research New Delhi, India အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
သူသည် ကျန်းမာရေးဝန်ကြီးဌာန၊ Ethical Review Committee , Department of Medical Research တွင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ လွှတ်တော်ရေးရာနှင့် အထူးကိစ္စရပ်များ ဆိုင်ရာ ကော်မတီ၏ အဖွဲ့ဝင် အဖြစ်လည်းကောင်း ၊ Myanmar Academy of Medical Scienc ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ Myanmar Liver Foundation ၏ ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိသည်။
ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်
ဦးဝင်းခိုင်သည် သမ္မတဦးထင်ကျော် တင်သွင်းသည့် ပြည်ထောင်စုဝန်ကြီးစာရင်းတွင် ပါဝင်လာပြီး ဆောက်လုပ်ရေးဝန်ကြီး အဖြစ် သတင်းထွက်ပေါ်နေသူဖြစ်သည်။
ဦးဝင်းခိုင်သည် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းဆင်း စက်မှုပိုင်းဆိုင်ရာ အင်ဂျင်နီယာတဦးဖြစ်ပြီး ၁၉ ၇၆ ခုနှစ်တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉ ၈၁ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ ပြည်ပနိုင်ငံများသွားရောက် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉ ၉ ၀ ခုနှစ်တွင် ကို ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု ပေးသည့် United Engineering Company တည်ထောင်ခဲ့ပြီး ယခုအချိန်အထိ ယင်းကုမ္ဗဏီမှာ အောင်မြင်လည်ပတ်တည်ရှိနေဆဲဖြစ်သည်။ သူသည် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အဖွဲ့ဝင်လည်းဖြစ်သည်။ National Energy Management Committee (NEMC), Myanmar Industrial Development Committee (MIDC), Myanmar Board of Engineers (MBE) and Committee for QC of Highrise Buildings Projects (CQHP) တို့တွင်လည်း အဖွဲ့ဝင် အဖြစ်ပါဝင်လျက်ရှိသည်။ သူသည် ASEAN Federation of Engineering Organizations (AFEO) နှင့် ASEAN Academy of Engineering & Technology (AAET) ၏ အဖွဲ့ဝင်တဦးလည်းဖြစ်သည်။
သူသည် သူရဦးရွှေမန်းနှင့်နီးစပ်သူတဦးဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးအဖြစ် ဦးရွှေမန်း၏ ထောက်ခံခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိသည်။
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး
ပြည်ထောင်စုဝန်ကြီးအမည်စာရင်းတွင် ဒေါက်တာဝင်းမြတ်အေး၏ အမည်စာရင်း ပါဝင်လာပြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။
၁၉ ၅၄ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ တွင်မွေးဖွားပြီး အသက် ၆၂ နှစ်ရှိနေပြီဖြစ်သည်။ NLD ၏ ပဲခူးတိုင်းဒေသကြီးအမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၄ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်ပြီး မကွေး ဆေးတက္ကသိုလ်၏ ပါမောက္ခချုပ်ဟောင်းတဦးဖြစ်ကာ ကလေးအထူးကု ဆရာဝန်ကြီးတဦးလည်းဖြစ်သည်။ ၎င်းတွင် သားတဦးရှိပြီး ဆေးပညာလောကတွင် ထူးချွန်သော ဆရာဝန်တဦးအဖြစ် လည်းကောင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ ထူးချွန်တဦးအဖြစ်လည်းကောင်း အသိအမှတ်ပြုခံထားရသူဖြစ်သည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဦးအုန်းမောင်
သမ္မတဦးထင်ကျော် တင်သွင်းသည့် ပြည်ထောင်စုဝန်ကြီးစာရင်းတွင် ဦးအုန်းမောင်၏ အမည် ပါဝင်လာပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ဦးအုန်းမောင်ကို ၁၉ ၄၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ မွေးဖွားခဲ့ပြီး အသက် ၆၉ နှစ်ရှိနေပြီဖြစ်သည်။ ပညာအရည်အချင်းမှာ တောင်ကြီးကောလိပ်တွင် ရူပဗေဒဘာသာရပ် အဓိကဖြင့် ဒုတိယနှစ်အထိ တက်ရောက်ခဲ့သည်။
၁၉၇၆ ခုနှစ်တွင် ညောင်ရွှေမြို့တွင် အင်းလေးအင်း တည်းခိုရပ်သာလုပ်ငန်း စတင်ထူထောင်ကာ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းတွင် စတင် အခြေချလုပ်ကိုင်ခဲ့သည်။ ၁၉ ၉ ၃ ခုနှစ်တွင် တိုးဒီအင်းလေး ခရီးသွားလုပ်ငန်း ကုမ္ဗဏီကို တည်ထောင်ခဲ့သည်။ ၁၉ ၈၈ ခုနှစ်မှစတင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်ခဲ့ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် NLD ၏ ညောင်ရွှေမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။ ၁၉၉ ၁ ခုနှစ်တွင် စစ်အစိုးရက ပုဒ်မ ၅ ည၊ ပုဒ်မ ၁၀ က တို့ဖြင့် စစ်ခုံရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရပြီး ၁၉၉၂ ခုနှစ်တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အောင်နိုင်ရေး ပံ့ပိုးကူညီပေးခဲ့သည်။ သားသမီး ၂ ဦးရှိပြီး ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တွင် အခြေချ နေထိုင် လျက်ရှိသည်။ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီး နိုင်ငံတကာသို့ သွားရောက်ခဲ့သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာသန်းမြင့်
ဒေါက်တာသန်းမြင့်သည် NLD ပါတီမှ လှိုင်သာယာမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး သမ္မတ ဦးထင်ကျော်က လွှတ်တော်သို့ တင်သွင်းသည့် ပြည်ထောင်စုဝန်ကြီးစာရင်းတွင် ပါဝင်လာသူဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။
ဒေါက်တာသန်းမြင့်ကို ၁၉ ၄၃ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ တွင် မွေးဖွားခဲ့ပြီး အသက် ၇၂ နှစ်ရှိနေပြီဖြစ်သည်။ အခြေခံပညာကို အခြေခံပညာမူလတန်းကျောင်း(စစ်ကျွန်း)၊ မြင့်မေတ္တာ အထက်တန်းကျောင်း(ရန်ကုန်တက္ကသိုလ်)တို့ တွင် သင်ကြားခဲ့ည်။ ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် ပညာသင်ဆက်လက်သင်ကြားခဲ့ပြီး B.Econ ဘွဲ့ရရှိခဲ့သည်။ ထို့နောက် အမေရိကန်ပြည်ထောင်စု၊ ပိစိဖိတ် အနောက်ပိုင်းတက္ကသိုလ်၊ လုပ်ငန်းစိစစ်ရေး ကောလိပ်(တောင်အာဖရိက) သို့ လည်း သွားရောက် ပညာသင်ယူခဲ့သည်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ စီမံကိန်းမှူး၊ ကုလသမဂ္ဂအဖွဲ့အစည်းများ စသော ရာထူးတာဝန်များကို ထမ်းဆောင်ခဲ့သည့်အပြင် ဆော်လမွန်ကျွန်းစုနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မာလဝီနိုင်ငံ၊ ဘော်ဆွာနိုင်ငံများသို့လည်း သွားရောက် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၁၂ ခုနှစ်မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါတီဝင် တဦးဖြစ်လာခဲ့ပြီး ယခုအခါ လှိုင်သာယာမြို့နယ်၊ FMI City တွင် နေထိုင်လျက်ရှိသည်။ သူသည် အိမ်ထောင်သည်တဦးဖြစ်သော်လည်း သားသမီး ထွန်းကားခြင်းမရှိပေ။
တိုင်းရင်းသားရေးရာဝန်ကြီး နိုင်သက်လွင်
နိုင်သက်လွင်သည် သမ္မတဦးထင်ကျော် တင်သွင်းသည့် ပြည်ထောင်စုဝန်ကြီး အမည်စာရင်းတွင် ပါဝင်လာပြီး တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည်ဟု နာမည်စာရင်း ထွက်ပေါ်လာသည်။ သူသည် အသက် ၇၆ နှစ်ရှိနေပြီဖြစ်သည်။
ဦးနိုင်သက်လွင်သည် မွန်တိုင်းရင်းသားတဦးဖြစ်ပြီး မွန်အမျိုးသားပါတီ (MNP) တွင် ဒုဥက္ကဌအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။ ၎င်းသည် မွန်ပြည်နယ်၏ လူချမ်းသာများ စာရင်းထဲတွင် ပါဝင်သူတဦးလည်း ဖြစ်ပြီး မွန်အမျိုးသားနိုင်ငံရေး အသိုင်းအဝိုင်းတွင် လေးစားခြင်းခံရသူတဦးလည်းဖြစ်သည်။
နိုင်သက်လွင်ကို ကရင်ပြည်နယ်၊ ကကော့ကရိတ်မြို့နယ်အတွင်းရှိ ရွာငယ်တခုတွင် မွေးဖွားခဲ့သူဖြစ်ပြီး၊ မော်လမြိုင် တက္ကသိုလ်၌ ပညာသင်ကြားခဲ့ပြီး ၁၉၇၀ ခုနှစ်တွင် ဒဿနိကဗေဒ ပညာရပ်ဖြင့် ဘွဲ့ရရှိခဲ့သူဖြစ်သည်။ ဘွဲ့ရရှိဖြစ်ပြီးနောက် ကရင်ပြည်နယ်အတွင်းရှိ ဟာရားရွာတွင် ကျောင်းဆရာအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး အဆိုပါရွာမှ အိမ်ထောင်ဘက်ဖြစ်သူ မိကျင်သန်းနှင့် တွေ့ဆုံခဲ့ပြီး လက်ထပ်ထိမ်းမြားခဲ့သည်။
မွန်တိုင်းရင်းသားအရေးနဲ့ပတ်သတ်ပြီး အစဉ်တစိုက် တက်ကြွလှုပ်ရှားသူလည်း ဖြစ်သည်။ တက္ကသိုလ်ကျောင်းသား ဘဝတွင် ဦးနိုင်သက်လွင်သည် မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုများကို သင်ကြားလိုသည့် တက္ကသိုလ် ကျောင်းသားများအား သင်ကြားပေးခဲ့သူလည်း ဖြစ်သည်။ ထို့အပြင် ယနေ့မွန်ရိုးရာ အခမ်းအနားများနှင့် မွန်တိုင်းရင်းသားများ၏ ပွဲလမ်းသဘင်များတွင် အထင်ကရဝတ်ဆင်နေကြသော မွန်ရိုးရာဝတ်စုံကို တီထွင် ခဲ့သူများတွင် တဦးအပါအဝင် ဖြစ်သည်။
ဦးနိုင်သက်လွင်သည် တက္ကသိုလ်ကျောင်းသားဘဝ၌ မြေအောက်တော်လှန်ရေး သမားများဖြင့် အဆက်အသွယ်လုပ် ခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုများကို ပါဝင်ခဲ့သူဖြစ်သည်။ ထို့အပြင် မွန်အမျိုးသားပါတီ ကနဦး စတင်တည်ထောင်စဉ်က ပါတီ၏နိုင်ငံရေးလှုပ်ရှားရာ ရုံးခန်းကို မော်လမြိုင်မြို့ရှိ ၎င်း၏နေအိမ်တွင် ဖွင့်လှစ်ခဲ့သည်။
၁၉၈၈ ခုနှစ် မြန်မာတနိုင်ငံလုံး ဒီမိုကရေစီတောင်းဆိုရေးအတွက် အုံကြွမှုဖြစ်ခဲ့ပြီးနောက် ၁၉၉၀ ခုနှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ ဦးနိုင်သက်လွင် ပါဝင်ကူညီပေးနေသည့် မွန်အမျိုးသား ဒီမိုကရေစီပါတီ (MNDP) သည်လည်း ရွေးကောက်ခံခဲ့သည်။
၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ၌ NLD က နိုင်ငံတဝန်းလုံးနီးပါး အနိုင်ရခဲ့ပြီး MNDP က လွှတ်တော်အတွင်း၌ ၅ နေရာ အနိုင်ရခဲ့သည်။ ဦးနိုင်သက်လွင်သည် MNDP တွင် ဒုဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။ စစ်အာဏာသိမ်းလိုက်သည့်နောက်ပိုင်း ၎င်း၏နိုင်ငံရေးပါတီ လှုပ်ရှားမှုမှ ရပ်တန့်ခဲ့သည်။
၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် တာဝန်ယူလာသည့် အချိန်တွင် MNDP သည် ပါတီဝင်ဟောင်းများကို စုစည်းပြီး မွန်အမျိုးသားပါတီ (MNP) ဆိုသည့်အမည်ဖြင့် ပါတီတခု ထပ်မံတည်ထောင်ခဲ့သည်။ MNP ပါတီ၌ ဦးနိုင်သက်လွင်သည် လက်ရှိတွင် ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသော်လည်း ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေ။
ဦးနိုင်သက်လွင်သည် NLD ပါတီ၏ မဟာမိတ်ပါတီဖြစ်သော ညီညွတ်သော တိုင်းရင်းသားမဟာမိတ် (UNA)နှင့် ဆက်ဆံရေး နီးကပ်သူလည်း ဖြစ်သည်။ ထို့အပြင် မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) က ခေါင်းဆောင်များနှင့်လည်း ဆက်ဆံရေးကောင်းမွန်သူလည်း ဖြစ်သည်။
ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်
ဒေါက်တာဖေမြင့်သည် သမ္မတ ဦးထင်ကျော် တင်သွင်းသည့် ပြည်ထောင်စုဝန်ကြီး အမည်စာရင်းတွင် ပါဝင်လာပြီး ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အဖ ဦးအောင်ငြိမ်း၊ အမိ ဒေါ်ခင်သိန်း တို့မှ ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် မွေးဖွားသည်။ သံတွဲမြို့ အစိုးရ အထက်တန်းကျောင်း အမှတ် (၁) မှ တက္ကသိုလ် ဝင်တန်း အောင်မြင်သည်။ ၁၉၇၅ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ အမ်ဘီဘီအက်စ်ဘွဲ့ ရသည်။ ဆေးကျောင်းသား ဘဝမှ စတင်၍ စာပေ ရေးသားခဲ့သည်။ ၁၉၇၇-ခုနှစ်မှ ၁၉၇၈-ခုနှစ်အတွင်း အထွေထွေကု ဆရာဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခုနှစ် အထိ ပြင်ပ အထွေထွေ ရောဂါကု ဆရာဝန် အဖြစ် ဆောင်ရွက်ခဲ့ပြီး နောက်တွင် စာပေ လုပ်ငန်း တခုတည်း ကိုသာ စူးစိုက် လုပ်ကိုင် ခဲ့သည်။
တက္ကသိုလ် ကျောင်းသား ဘဝက စ၍ စာများ စတင် ရေးသားသည်။ အစပိုင်းတွင် ဘာသာပြန် ဝတ္ထုများ၊ ထိုနောက် ၁၉၈၆ ခုနှစ်က စ၍ ပင်ကိုယ်ရေး ဝတ္ထုတိုများ ရေးသားသည်။ ၁၉၈၉ ခုနှစ် စ၍ အတ္ထုပ္ပတ္တိနှင့် အသုံးချ စိတ်ပညာ ဆိုင်ရာ စာပေများ ရေးသား ပြုစုခဲ့သည်။
“စာပေ ဂျာနယ်” ကို စတင် စီစဉ်သူ တဦး ဖြစ်၍ ဂျာနယ် အမှတ် – ၁၂ အထိ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ ဇန်နဝါရီမှ ၁၉၉၁ အကုန်ပိုင်း အထိ “သင့်ဘဝ မဂ္ဂဇင်း” အယ်ဒီတာ အဖြစ် တာဝန် ယူခဲ့ပြီး၊ ၁၉၉၅ ခုနှစ်၊ စက်တင်ဘာ လက စတင်၍ “ဒီလှိုင်း မဂ္ဂဇင်း” ၏ အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်လျက် ရှိသည်။
ဇနီး ဒေါ်ခိုင်နွယ်ဦး၊ သား မောင်ဖေဇော်ဦး၊ သမီး မချိုစုစုခိုင် တို့နှင့်အတူ အင်းစိန် မြို့နယ် နံ့သာကုန်း ရပ်ကွက် အဝေရာ လမ်းတွင် နေထိုင်လျက် ရှိပါသည်။
ဆေးရုံ၊ အချစ်ဦး၊ လူနာဆောင် အမှတ်ခြောက်၊ ကျွန်းနှင့် အခြား ဝတ္ထုတိုများ၊ အောင်မြင်မှု ချမ်းသာ သုခနှင့် ဓနဥစ္စာ၊ စိန်မြေဧကများစွာ၊ မဟာ ကရုဏာများနှင့် ဘာကြောင့် ခုထိ မချမ်းသာ သေးတာလဲ စသည့် စာအုပ်များသည် ဆရာ ဖေမြင့်၏ အောင်မြင် ကျော်ကြားသော စာအုပ်များ ဖြစ်ကြသည်။ ဆရာ ဖေမြင့်သည် လူသုံးကုန် ပစ္စည်း ရောင်းသူများ နှင့် အခြား ဝတ္ထုတိုများ စာအုပ်ဖြင့် ၁၉၉၅ ခုနှစ်တွင် အမျိုးသား စာပေဆု (ဝတ္ထုတိုပေါင်းချုပ်ဆု) ရရှိခဲ့သည်။
ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း
ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ၃ နေရာအတွက် တပ်မတော်သား အရာရှိများကို အဆိုပြု ရမည်ဖြစ်ရာ တပ်မတော်က အဆိုပြုထားသော ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းကို ပြည်ထောင်စု ဝန်ကြီးစာရင်းတွင် ပါဝင်လာပြီး ကာကွယ်ရေးဝန်ကြီးဖြစ်လာမည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။
ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (BC- ၁၄၆၈၂) သည် ဗိုလ်သင်တန်း အပတ်စဉ် (၅၄) ဆင်းတဦးဖြစ်ပြီး စကခ(၁၇)၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးနောက် လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်အဖြစ် တာဝန်ထမ်းပေးအပ်ခြင်း ခံခဲ့ရသူဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းအား ဒုဗိုလ်ချုပ်ကြီးဝေလွင် ရာထူးက အနားယူချိန်တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး သိပ္ပံနှင့် နည်းပညာပိုင်းကို အထူးစိတ်ဝင်စားပြီး ထူချွန်သူတဦးလည်းဖြစ်ကြောင်း သိရသည်။ ၎င်း၏ဇနီးဖြစ်သူမှာ ဒေါ်မြင့်မြင့်အေး ဖြစ်သည်။
ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကပြည်ထောင်စုဝန်ကြီးစာရင်းတွင် ထည့်သွင်း ရွေးချယ်လိုက်သည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ (BC- ၁၆၄၉၃) သည် စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ကျောင်းဆင်းတဦးဖြစ်ပြီး တပ်မ ၂၂ ၏ တပ်မမှူးနှင့် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူသည် ပြည်ထဲရေးဝန်ကြီး ဖြစ်လာနိုင်သူဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေသည် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး အမှတ် (၅) ကစထမှူး (ကာကွယ်ရေး စစ်ဆင်ရေး အထူးအဖွဲ့) ၊ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် တာဝန်များကို ထမ်းဆောင်ခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ဖြစ်ခဲ့သည့်နှစ်တွင် ၎င်းသည် အနောက်တောင်တိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းဇနီးဖြစ်သူမှာ ဒေါ်ဝင်းဝင်းမော်ဖြစ်သည်။
နယ်စပ်ရေးရာဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင်
တပ်မတော်က အဆိုပြုသည့် ပြည်ထောင်စုဝန်ကြီးစာရင်းတွင် ပါဝင်သူ ဒုဗိုလ်ချုပ်ကြီးရဲအောင် (BC- ၁၆၇၂၉) သည် စစ်တက္ကသိုလ် အပတ်စဉ် (၂၃) ကျောင်းဆင်းတဦးဖြစ်ပြီး ဒကစ (ဒေသကွပ်ကဲမှု စစ်ဆင်ရေး ဌာနချုပ် – တနိုင်း)၊ ဗထူးတိုက်ခိုက်ရေး သင်တန်းကျောင်းတို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အလယ်ပိုင်းတိုင်း တိုင်းမှူးအဖြစ် တာဝန်ပေးခန့်အပ်ခြင်း ခံခဲ့ရသည်။ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖွယ်ရှိနေသည်။
လတ်တလော စစ်ဥပဒေချုပ် ရာထူးတာဝန်ထမ်းဆောင်နေပြီး အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် တိုင်းရင်းသားများအကြားပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တပ်မတော်ကိုယ်စားပြု တက်ရောက်လေ့ရှိသည်။ ၎င်း၏ဇနီးဖြစ်သူမှာ ဒေါ်ခိုင်မေကြူ ဖြစ်သည်။