လပွတ္တာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများက ရွေးချယ် တင်မြှောက်ထားသည့် အုပ်ချုပ်ရေးမှူး ၁၁ ဦးကို ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ရန် အရည်အချင်း မပြည့်မီဟုဆိုကာ လပွတ္တာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ပယ်ချလိုက်ကြောင်း သိရသည်။
လပွတ္တာမြို့နယ်၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၇၇ ခု ရှိသည့်အနက် လပွတ္တာမြို့၊ အမှတ် ၈၊ ၉၊ ၁၀ ရပ်ကွက်နှင့် ကြာကန်၊ အမတ်၊ မြွေဟောက်၊ ကညင်ကုန်းစသည့် ကျေးရွာအုပ်စုများ အပါအဝင် ကျေးရွာ ၁၁ ခုမှ အုပ်ချုပ်ရေးမှူးများကို ပြန်လည် ရွေးချယ်ပေးရန် လပွတ္တာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းက စာထုတ်လိုက်ခြင်း ဖြစ်သည်။
“အောက်ခြေက ရွေးချယ်တင်မြှောက်တဲ့ အုပ်ချုပ်ရေးမှူးတွေထဲမှာ အုပ်ချုပ်ရေးမှူး အရည်အချင်း ၁၁ ချက်နဲ့ ပြည့်စုံမှု မရှိသူတွေ ပါနေတယ်။ ဒါကြောင့် အုပ်ချုပ်ရေးမှူးကောင်း တယောက်ဖြစ်ဖို့ အရည်အချင်း မကိုက်ညီတဲ့အတွက် ကိုက်ညီတဲ့လူကို ပြန်ပြီး ရွေးချယ်ခိုင်းထားတာပါ” ဟု လပွတ္တာမြို့နယ်၊ ဒုအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က ဧရာဝတီကို ပြောသည်။
ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ဥပဒေအရ ရပ်/ကျေး ပြည်သူလူထု၏ ထောက်ခံမဲ အများဆုံးရရှိပြီး အုပ်ချုပ်ရေးမှူး ဖြစ်လာသူကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အရည်အချင်း ၁၁ ချက်ဖြင့် ကိုက်ညီမှုရှိ၊ မရှိ စိစစ်ရပြီး ခရိုင်အုပ်ချုပ်ရေးဌာနက အတည်ပြု ခန့်အပ်ပေးရခြင်း ဖြစ်သည်။
လပွတ္တာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ပယ်ချခဲ့သူအများစုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ယခင်က ပတ်သက်ခဲ့ဖူးသူများ ဖြစ်ကြပြီး၊ ကျေးရွာများ၌ လက်ရှိ တာဝန်ထမ်းဆောင်နေသည့် အုပ်ချုပ်ရေးမှူးများကို ၎င်းတို့က ထောက်ခံမဲ အသာဖြင့် အနိုင်ရရှိခဲ့သူများဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
“အုပ်ချုပ်ရေးမှူးရွေးပွဲမှာ ကျနော်က ၄၈ မဲရပြီး၊ ပြိုင်ဘက်က ၄၁ မဲပဲရလို့ ကျနော်နိုင်ခဲ့တယ်။ အဲဒီရလဒ်ကို ရပ်မိရပ်ဖ ၅ ဦးက မြို့နယ်ကို တင်ပေးတော့ ဦးတိုးတိုးထွန်း (မြို့နယ်အုပ်ချုပ်ရေးမှူး) က စည်းကမ်းချက်နဲ့ မညီဘူးဆိုပြီး ပယ်ချပြီးတော့ ပြန်ရွေးပါဆိုပြီး ခိုင်းတယ်။ စည်းကမ်းချက်မှာ ဘယ်အချက်နဲ့ မညီတာလဲလို့ မေးတော့လည်း တိတိကျကျ မပြောဘဲ ပြန်ရွေးဖို့ပဲ ခိုင်းနေတာ”ဟု လပွတ္တာမြို့နယ်၊ အမတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူ ဦးဖုန်းမြတ်က ပြောသည်။
အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရန် လပွတ္တာမြို့နယ်၊ အုပ်ချုပ်ရေးဌာနက ညွှန်ကြားသည့်အပေါ် ကျေးရွာတချို့ရှိ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ရပ်မိရပ်ဖ ၅ ဦး အဖွဲ့များက လက်မခံဘဲ ငြင်းဆန်နေကြောင်း သိရသည်။
ကြာကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ရပ်မိရပ်ဖအဖွဲ့ဝင် ဦးမျိုးတင့်က “ကျနော်တို့အနေနဲ့ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို စနစ်တကျနဲ့ ဥပဒေအတိုင်းဖြစ်အောင် လုပ်ဆောင်ခဲ့တယ်။ မဲအသာနဲ့ နိုင်သွားတဲ့ ဦးမြတ်ထွေးကို မြို့နယ်အဆင့်ကို တင်ပေးတဲ့အခါမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းက ပြန်ရွေးပေးပါ ပြောတယ်။ ဒီလူက အတိုင်အတောထူလို့ ငါတို့နဲ့တွဲလို့ မကိုက်ဘူးဆိုပြီး ပြန်ရွေးခိုင်းတယ်။ ကျနော်တို့ကတော့ ရွေးချယ်ပွဲကို မှန်ကန်အောင် လုပ်ထားလို့ ပြန်ရွေးမပေးဘူးလို့ ဆုံးဖြတ်ထားတယ်” ဟု ပြောသည်။
လပွတ္တာ အုပ်ချုပ်ရေးဌာန အနေဖြင့် အောက်ခြေရပ်ကွက်၊ ကျေးရွာအဆင့် ပြည်သူလူထု၏ ရွေးချယ် တင်မြှောက်မှုအပေါ် အလေးထားသင့်ကြောင်း လပွတ္တာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က ပြောသည်။
“အုပ်ချုပ်ရေးမှူး တယောက်ဆိုရင် ပထမတကြိမ်တုန်းက နိုင်ထားလို့ လက်ရှိ အုပ်ချုပ်ရေးမှူးတာဝန် ထမ်းနေတယ်။ အခု နောက်တကြိမ် ပြန်ရွေးတော့လည်း ထပ်နိုင်တယ်။ အဲဒါကို အခုကျမှ အရည်အချင်း မပြည့်မီဘူးဆိုပြီး ဖြုတ်ချပစ်တယ်။ အဲဒီတော့ လပွတ္တာမြို့နယ် အနေနဲ့ ဥပဒေအရ ပေးထားတဲ့ အခွင့်အရေးကို အကျယ်ချဲ့ပြီး လိုသလို သုံးစွဲနေတယ်လို့ မြင်တယ်” ဟု ၎င်းက ဆိုသည်။
မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ညွှန်ကြားချက်အရ အဆိုပါ ဒေသ ၁၁ ခု၌ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများကို ပြန်လည် ကျင်းပရန် ကြိုးပမ်းမှုများ ရှိနေသော်လည်း ဒေသခံအများစုက လက်မခံသည့်အတွက် ရွေးချယ်ပွဲများ အထမြောက်ခြင်း မရှိဘဲ ဖြစ်နေကြောင်း သိရသည်။