ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ပြထားသည့် လာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ကျပ်သန်းပေါင်း ၃ သောင်းကျော် အကုန်အကျခံ တည်ဆောက်မည့် ခုံးကျော်တံတား ၂ စင်း ကိစ္စ ပြန်လည် စိစစ်သုံးသပ်ရန် ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးတွင် အစီရင်ခံစာ ၂ စောင် တင်ပြခဲ့ကြောင်း သိရသည်။
“ကမ္ဘာအေးဘုရားလမ်းနဲ့ ပါရမီလမ်းဆုံ ခုံးကျော်တံတားနဲ့၊ မြောက်ဥက္ကလာပလမ်းဆုံမှာ ခုံးကျော်တံတား တည်ဆောက်ဖို့ အတွက် ဘတ်ဂျက် လျာထားငွေတွေကို ခုံးကျော်တံတားများ ဆောက်လုပ်ရေးထက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပရှိ ကျေးလက်နဲ့ မြို့နယ် ဆက်သွယ်ရေးလမ်းများ တည်ဆောက်ဖို့အတွက် ခွဲဝေချထားသင့်ပါတယ်” ဟု ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက အစီရင်ခံစာတွင် ရေးသား တင်ပြထားသည်။
ထိုအစီရင်ခံစာတွင် မြို့တွင်းကားကြပ်မှု ဖြေရှင်းရာ၌ ခုံးကျော်တံတားများ တည်ဆောက်ပြီး ရေတိုဖြေရှင်းခြင်းသည် ထိရောက်မှုမရှိဘဲ နိုင်ငံတော် ဘဏ္ဍာငွေများသာ ဆုံးရှုံးစေသည်ဟု ဆက်လက် ဖော်ပြထားသည်။
ခုံးကျော်တံတား ၂ စင်း စီမံကိန်းကို ပြန်လည် စိစစ်သုံးသပ်ရန် တင်ပြသည့် အစီရင်ခံစာကို ဆိပ်ကြီး/ခနောင်တို မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ် ဒေါ်စန္ဒ္ဒာမင်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီက တင်သွင်းသည့် ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းနှင့် ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေကြမ်း အစီရင်ခံစာတို့၌ ထည့်သွင်း တင်ပြခဲ့ခြင်း ဖြစ်သည်။
ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းနှင့် ပတ်သက်ပြီး သုံးသပ်ချက် အစီရင်ခံပါ အချက်များကို ကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက “ပြည်သူများ ခံစားနေရသော မြို့တွင်းကားကြပ်နေမှု ကိစ္စရပ်တွေကို ခုံးကျော်တံတား ဆောက်လုပ်ပြီး ရေတိုနည်းဖြင့် ဖြေရှင်းခြင်း ကိစ္စရပ်သည် မထိရောက်ဘဲ နိုင်ငံတော် ဘဏ္ဍာငွေသာ ဆုံးရှုံးရသည်ဟု အကြံပြုပါသည်” ဟု လွှတ်တော် အစည်းအဝေးတွင် ပြောဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီး၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၏ သုံးသပ်ချက် အစီရင်ခံစာတွင် ဖော်ပြထားချက်အရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း သုံးစွဲငွေ စုစုပေါင်း ကျပ်သန်းပေါင်း ၄၄,၇၈၂ ဖြစ်ပြီး၊ အထူးစီမံကိန်း ၂ ခုဖြစ်သည့် ခုံးကျော်တံတား ၂ စင်း တည်ဆောက်ရန် ငွေလုံးငွေရင်းအသုံးစရိတ် တောင်းခံထားသည့် ငွေပမာဏမှာ ကျပ်သန်းပေါင်း ၃၂,၂၀၀ ဖြစ်သည်။
၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာနှစ်အရ အသုံးခန့်မှန်းခြေ ငွေစာရင်းကို ကြည့်မည်ဆိုပါက ရန်ကုန်တိုင်း ဒေသကြီး၏ ရငွေမှာ ကျပ်သန်းပေါင်း ၃၃၆,၂၁၈.၅၇၀ ဖြစ်ပြီး၊ သုံးငွေမှာ ကျပ်သန်းပေါင်း (၃၃၆,၂၁၈.၅၇၀) ဖြင့် ပိုငွေ၊ လိုငွေမရှိ ရေးဆွဲထားသော ဘတ်ဂျက် ဖြစ်သည်ကို တွေ့ရသည်။