စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဖြစ်မယ်လို့ သတင်းပြေးနေတဲ့ ဦးကျော်ဝင်းက အမေရိကန်ပြည်ထောင်စု Brooklyn Park University ဟာ အွန်လိုင်းတက္ကသိုလ် ဖြစ်ကြောင်းနဲ့ ဘွဲ့ဟာ ပညာရေးမှာ အသုံးမကျတာ သိသွားလို့ ရှက်မိကြောင်း ဧရာဝတီကို ပြောဆိုပါတယ်။
“အန်ကယ်က ၂၀၀၉ ခုနှစ်လောက်မှာ ပညာလိုချင်တော့ အွန်လိုင်းမှာ ရှာတယ်။ အဲဒီမှာ American Education Dep က အသိအမှတ်ပြုတယ်ဆိုတဲ့ Brooklyn Park University ကို သွားတွေ့တယ်။ အဲဒီမှာ လှမ်းချိတ်ပြီး စားမေးပွဲဖြေတယ်။ သူတို့မေးတာတွေ ဖြေတယ်”
“အဲဒီအချိန်က အန်ကယ့်မှာ ငွေရေးကြေးရေးကလည်း အဆင်မပြေဘူး။ စာတမ်းတွေဖြေတာတောင် အင်တာနက်ဆိုင် သွားလုပ်ရတာ။ အဲလိုနဲ့ ၂၀၁၀ လောက်မှာ လက်မှတ်ရတယ်။ အန်ကယ် ပျော်တာပေါ့။ ကိုယ့်ကိုကိုယ်လည်း ဒေါက်တာ ဆိုပြီး ဂုဏ်ယူတယ်။ ဒေါက်တာကျော်ဝင်း ဖြစ်ရော”
“ဒါပေမယ့် ၂၀၁၅ ကျမှ အဲဒီတက္ကသိုလ်က အတုကြီးဆိုတာ သိတယ်။ ရှက်လိုက်တာကွာ။ ကြိုးစားခဲ့သမျှသဲထဲရေသွန်ပဲ။ အဲဒါနဲ့ ဒေါက်တာဆိုတာကြီးကို ဖြုတ်ပြီး ဦးကျော်ဝင်းလို့ လုပ်လိုက်တယ်”
ဦးကျော်ဝင်းက နောက်လူငယ်တွေ သူ့အမှားမျိုး မကြုံစေချင်ကြောင်းလည်း ဆိုပါတယ်။
“အခုခေတ်လူငယ်တွေကိုလည်း သတိထားစေချင်တယ်။ အန်ကယ့်လို မဖြစ်အောင်ပေါ့။ ဒါပေမယ့် အန်ကယ် တခြားစာပေ၊ မျိုးစုံကို ကိုယ်ဘာသာ အမြဲလေ့လာတယ်”
“တခုလွတ်သွားတာက ပရိုဖိုင်တင်တော့ အဲဒီ တက္ကသိုလ်ကို မဖြုတ်လိုက်မိဘူး။ မေ့သွားတယ်။ ပြဿ နာက အဲဒီမှာ စပြီး အခုလိုတွေ ပွကုန်တာပဲ။ အန်ကယ်တသက်လုံး ကြိုးစားခဲ့သမျှ အလကား ဖြစ်ကုန်ပါပြီကွာ”
ဦးကျော်ဝင်းရဲ့ ကိုယ်ရေးနောက်ခံအကျဉ်းမှာ အမေရိကန်ပြည်ထောင်စု Brooklyn Park University နဲ့ Certified Master of Business Consultant ,GAFM တို့က ပါရဂူဘွဲ့ နဲ့ Master of Consultant ဘွဲ့များ ရရှိခဲ့တယ်လို့ ဖော်ပြအပြီး အဲဒီဘွဲ့တွေဟာ အွန်လိုင်းက ပေးတဲ့ ဘွဲ့တွေ ဖြစ်ကြောင်း ဝေဖန်သံတွေ ထွက်လာခဲ့ပါတယ်။
ဦးကျော်ဝင်းဟာ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးဘွဲ့ ရရှိခဲ့ပြီး ၁၉၇၂ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ စီမံကိန်းမှူး၊ ၁၉၉၂ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ အခွန်ဦးစီးမှူး စသဖြင့် အစိုးရဝန်ထမ်း တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှ ယနေ့အထိ NLD စီးပွားရေးကော်မတီတွင် စီးပွားရေး အကြံပေးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။
ဦးကျော်ဝင်းက NLD ပါတီ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး သမ္မတ ဦးထင်ကျော်က လွှတ်တော်သို့ တင်သွင်းတဲ့ ပြည်ထောင်စုဝန်ကြီးစာရင်းမှာ ပါဝင်လာသူ ဖြစ်ပါတယ်။