ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ရှောင်စခန်းများသို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ထောက်ပံ့မှုများ လျှော့ချ လိုက်သဖြင့် စစ်ရှောင်ဒုက္ခသည်များမှာ နေ့စဉ် စားနပ်ရိက္ခာ မလုံလောက်မှု အခက်အခဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။
ကချင် စစ်ရှောင်စခန်းများကို အကူအညီပေးနေသည့် အဖွဲ့အစည်းတခုဖြစ်သည့် Zinlum အဖွဲ့၏ တာဝန်ခံ တဦးဖြစ်သူ ဦးနန်းဇိမ်းလဂျာ က “အခုလျှော့ချလိုက်တာ စားနပ်ရိက္ခာပဲ မဟုတ်ဘူး။ အခြေခံသုံး အမိုးအကာ မိသားစုသုံး ပစ္စည်းတွေရော ကချင်ပြည်နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတွေ အားလုံးကို လျှော့လိုက်တာပါ။ စိုးရိမ်နေကြတယ်။ အခက်အခဲလည်း အရမ်းဖြစ်နေပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ကချင်ပြည်နယ်နှင့် ရှမ်းမြောက် စစ်ရှောင်စခန်းအားလုံးတွင် ယခင်ရရှိနေသည့် အထောက်အပံ့မှ ၆၀ ရာခိုင်နှုန်းခန့် လျှော့ချလိုက် သည်ဟုလည်း ဦးနန်းဇိမ်းလဂျာက ပြောသည်။
မတ်လ ၂၂ ရက်က ရန်ကုန်မြို့ အလုံလမ်းရှိ Summit Parkview Hotel တွင် ပြုလုပ်သည့် ပူးပေါင်းလုပ်ငန်းစဉ် အဖွဲ့(JST) က ကမ္ဘာ့ကုလသမဂ္ဂ(UN) နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ရှင်းလင်း တင်ပြသော အခမ်းအနား၌ ဦးနန်းဇိမ်းလဂျာက ပြောဆိုခြင်း ဖြစ် သည်။
ထိုအခမ်းအနားတွင် စားနပ်ရိက္ခာ လျှော့ချလိုက်ခြင်းအား ပြန်လည်တိုးမြှင့် ထောက်ပံ့ပေးရန် တောင်းဆိုပြီး စစ်ရှောင်စခန်းများ၏ အခြေအနေနှင့် ပတ်သက်ပြီး စစ်တမ်း ကောက်ယူထားသည့် အချက်အလက်များကိုလည်း တင်ပြသည်။
အဆိုပါ JST ၏ ရှင်းလင်း တင်ပြပွဲသို့ ကချင် အရပ်ဘက်အဖွဲ့အစည်း ၉ ဖွဲ့နှင့် UN ကိုယ်စားလှယ်များ၊ ထိုင်းသံရုံး၊ ဂျပန် သံရုံးနှင့် ဂျာမနီ သံရုံးများမှ ကိုယ်စားလှယ်များ တက်ရောက်သည်။
JST အဖွဲ့သည် ကချင်အရပ်ဘက်အဖွဲ့အစည်း ၉ ဖွဲ့ဖြင့် ၂၀၁၃ ခုနှစ်က စတင်ဖွဲ့စည်းထားပြီး နိုင်ငံတကာ အကူအညီပေးမှုများကို ရယူ၍ စစ်ရှောင်ဒုက္ခသည်များအရေးကို တဆင့် ကူညီလျက်ရှိသော အဖွဲ့အစည်း ဖြစ်သည်။
WFP က စစ်ရှောင်ဒုက္ခသည်များကို ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ စားနပ်ရိက္ခာ အဖြစ် ဆန်၊ ဆီ၊ ဆားနှင့် အခြား အသုံး အဆောင် ပစ္စည်းများ ပေးဝေကြောင်း၊ ထမင်း ချက်ပြုတ်စားသောက်ရန် ထင်းနှင့် လူတဦးခြင်းအတွက် နေ့စဉ် အသုံးစရိတ်များ ထောက်ပံ့ကြောင်း၊ ကျန်းမာရေးသုံး ပစ္စည်းများ၊ အိမ်သုံးနှင့် အခြေခံသုံးပစ္စည်းများ၊ ယာယီတဲ အမိုးအကာများကို တနှစ်လျှင် သုံးကြိမ် ခန့် ထောက်ပံ့ကြောင်း ကချင် အရပ်ဘက် အဖွဲ့အစည်းများက ပြောသည်။
၂၀၁၆ ခုနှစ်မှစ၍ တချို့စခန်းများတွင် စားနပ်ရိက္ခာ မပေးတော့ဘဲ တလလျှင် စားစရိတ်အဖြစ် တဦးလျှင် ၉၀၀၀ ကျပ် ရရှိကြောင်း၊ တချို့စခန်းများတွင် ဆန်၊ ဆီ၊ ဆား ပေးပြီး တလစားစရိတ်အဖြစ် တဦးလျှင် ၆၀၀၀ ကျပ် (သို့) ၇၀၀၀ ကျပ် ရရှိကြောင်း သိရသည်။
ဂျေယန်း စစ်ရှောင်စခန်းမှ စစ်ရှောင်ဒုက္ခသည် ဒေါ်ခါးတွမ်က “ကမ္ဘာစားနပ်ရိက္ခာ(WFP) က ထောက်ပံ့လို့ ကျမတို့ အသက်ရှင်ခွင့် ရ တာပါ။ နှုတ်နဲ့ကျေးဇူးတင်လို့ မကုန်ပါဘူး။ အခု ဘေးကျပ် နံကျပ်ဖြစ်နေတာကြောင့် ကျမတို့ လူထုကို သနားစိတ်နဲ့ ထောက်ပံ့တဲ့ စားနပ်ရိက္ခာကို မလျှော့ဘဲ ပြန်လည်ပံ့ပို့ပေးဖို့ တောင်းပန်ပါတယ်။ တောင်းဆိုချင်ပါတယ်။ တကယ်ကို ခက်ခဲနေလို့ပါ”ဟု ပြော သည်။
၎င်းတို့အနေဖြင့် နေရပ်ကို ပြန်၍ လယ်ယာ စိုက်ပျိုးရေး လုပ်ကိုင်ပြီး နေထိုင်လိုသည်ဟုလည်း ပြောဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖတ်ကာ စစ်ရှောင်စခန်းမှ ဒေါ်မေရီယန်ကလည်း“ကျမတို့မှာ တကယ်ဒုက္ခရောက်နေလို့ပါ။ သူများပေး တာ ခိုကပ်ပြီး ပျော်နေတာ မဟုတ်ပါဘူး။ ကျမတို့လုပ်တတ်တဲ့ လယ်ယာတွေလည်း ရွာမှာ အကုန်ကျန်ခဲ့တယ်။ တကယ်ဆို သူများထောက်ပံ့တာထက် ကိုယ့်အိမ်မှာပဲ ကိုယ်နေချင်တာပေါ့”ဟု ပြောသည်။
စစ်ရှောင်ဒုက္ခသည်များသည် နေရပ်ပြန်လိုကြသော်လည်း ၎င်းတို့နေထိုသော ရွာများတွင် တိုက်ပွဲဖြစ်ပွားထားပြီး တပ်မတော်က စခန်းချ ထားမှုများ ရှိကြောင်း၊ တချို့ရွာများတွင် တိုက်ပွဲဖြစ်သည့်အပြင် နှစ်ဖက်တပ်များမှ မြေမြှုပ်မိုင်းများ အပြန်အလှန် ထောင် ထားခြင်းများ ရှိပြီး အဆိုပါ ကိစ္စရပ်များကို တာဝန်ခံ ရှင်းလင်းပေးမည့် အဖွဲ့အစည်း မရှိကြောင်း၊ ဒုက္ခသည်များအနေဖြင့် နေရပ် ပြန် ရ မည်ဆိုပါက ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်ရန် လိုအပ်ကြောင်းလည်း JST က သဘောထား ထုတ်ပြန်ထားသည်။
စစ်ရှောင်ဒုက္ခသည်များကို ထောက်ပံ့ခြင်းများ မပေးနိုင်တော့ဘဲ နေရပ်ကို လုံခြုံစွာပြန်ရန် မဆောင်ရွက်ပေးနိုင်ပါက ၎င်းတို့ ဘာသာ ဝင်ငွေရှာခြင်းများကြောင့် နောက်ဆက်တွဲပြဿနာများအဖြစ် ပြည့်တန်ဆာ လုပ်ငန်းများ၊ မှောင်ခို လုပ်ငန်းများတွင် ဒုက္ခသည်များ ရောက်ရှိသွားနိုင်သည်ဟုလည်း JST ၏ သဘောထား ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ရှောင် ဒုက္ခသည်များသည် စခန်းတွင်းနေထိုင်စဉ် မိသားစုအသုံးစရိတ်များအတွက် ပြင်ပသို့ အလုပ်ထွက်လုပ်ရန် အလုပ်အကိုင် မရှိခြင်း၊ စစ်ရှောင်ဒုက္ခသည်များကို လက်ခံပြီး အလုပ်ပေးမည့်သူမရှိခြင်း၊ မြို့နှင့် နီးသည့် စခန်းတချို့တွင် နေ့စားကျပန်းအလုပ်များ ရရှိပါသော်လည်း ပွဲစားများက ၎င်းတို့၏ လုပ်အားခ မည်မျှရသည်ဖြစ်စေ နေ့စဉ် ၃၀၀၀ ကျပ် တောင်းယူခြင်းများ ရှိကြောင်း သိရ သည် ။
စစ်ရှောင်ဒုက္ခသည်များကို WFP က စားနပ်ရိက္ခာ ထောက်ပံ့နေသည်မှာ ၂၀၁၄ ခုနှစ်ကတည်းကပင် ဖြစ်၍ ၃ နှစ် ကျော် ရှိပြီ ဖြစ် သော ကြောင့် ထောက်ပံ့မှုကို လျှော့ချရန် ပြောဆိုမှုများ ရှိခဲ့သည်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်တွင် WFP က မြန်မာနိုင်ငံကို နိုင်ငံရေး အကူးအပြောင်းတွင် အဆင်ပြေစေရန် ဒုက္ခသည်များ ထောက်ပံ့မည့် အစီအစဉ်ကို ၂၀၁၇ ခုနှစ်အထိ တိုးမြှင့်လိုက်ကြောင်း ပြောဆိုသော်လည်း ထောက်ပံ့မည့်အထဲတွင် ရေဘေး ကဲ့သို့သော အရေးပေါ် ဒုက္ခရောက်နေသူများနှင့် အာဟာရ ချို့တဲ့သည့် ကလေးများ အရေးကို ဦးစားပေး ဆောင်ရွက်မည်ဟု ထုတ်ပြန် ထားသည်။
UN က မြန်မာနိုင်ငံရှိ ဒုက္ခသည်များကို အကူအညီပေးနေသည့် ငွေကြေးများသည် သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ ချက် ၊ ဒိန်းမတ် ၊ ဥရောပသမဂ္ဂ ၊ ပြင်သစ် ၊ ဂျာမနီ၊ အီတလီ၊ ဂျပန် ၊ လူဇင်ဘတ် ၊ နော်ဝေး၊ ကိုရီးယား၊ ဆွစ်ဇာလန် နိုင်ငံများမှ ရရှိသည့် အလှူငွေများမှ ဖြစ်ပြီး မြန်မာနိုင်ငံကို ၂၀၁၆ ခုနှစ် ဇွန်လ အထိ ဆက်လက်ထောက်ပံ့ရန် အတွက်လည်း ဒေါ်လာ သန်း ၄၀ လိုအပ် နေသည်ဟု ဆိုထားသည်။
ဦးနန်းဇိမ်းလဂျာက “ဒီလိုလုပ်တာ အပြောင်းအလဲမှာ တရားမျှတရဲ့လားလို့ ကျနော်တို့ တွေးမိတယ်။ အခုဖြစ်နေပုံက နေ့စဉ်စားနေ တဲ့ ထမင်းကို မင်းတို့ လျှော့စားလိုက်တော့ဆိုတဲ့ ပုံဖြစ်နေတယ်။ မင်းတို့ဘာသာ ကြိုက်သလို အသက်ရှင်တော့ ဆိုတဲ့ သဘော လည်း သက်ရောက်နေတယ်”ဟု ပြောသည်။
လက်ရှိ ကချင်ပြည်နယ် နှင့် ရှမ်းမြောက်ဒေသတွင် တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA) တို့နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာပြီး စစ်ဘေးဒုက္ခသည် ဖြစ်နေသူ ၁၇၀၀၀၀ ကျော် ရှိကြောင်း သိရသည်။
တိုက်ပွဲများ ဖြစ်ပွားချိန်တွင် ရွာများအတွင်း တပ်စခန်း နေရာများ ချထားခြင်း၊ မြေမြှုပ် မိုင်းများ ထောင်ထားခြင်းကြောင့် ဒေသခံများ သည် ၎င်းတို့ရပ်ရွာများတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ပြန်လည် နေထိုင်ရန် သွားရောက်ရာတွင် မိုင်းထိသေဆုံးခြင်းများ၊ လက်နက် ကိုင် တပ်ဖွဲ့ဝင်များနှင့် တွေ့ပြီး ဖမ်းဆီးခံရခြင်းများ၊ နှိပ်စက်ခံရခြင်းများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကြုံတွေ့လျက်ရှိသည်ဟု လည်း ဆိုသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားပြီးနောက် နှစ်ဖက်တပ်များ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကို ရှင်းလင်းပေးမည့် သူများမရှိသဖြင့် နေ ရပ် သို့ မပြန်နိုင်ဘဲ စစ်ရှောင်စခန်းများတွင် ယနေ့အထိ နေထိုင်နေရခြင်း ဖြစ်ကြောင်း သိရသည်။