သတင်း

တနိုင်ငံလုံးနီးပါး ရေရှားပါးမှု အခက်အခဲ ကြုံတွေ့နေ

This article has been converted from Zawgyi One to Unicode

အယ်လ်နီညို ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ ပြည်နယ် နှင့် တိုင်း အားလုံးနီးပါး ရေရှားပါး ပြတ်လပ်မှု အခက်အခဲ ကြုံတွေ့နေရသည်ဟု မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန က ပြောသည်။

ယခုနှစ်သည် အယ်လ်နီညိုကြောင့် ရေကန်များ ယခင်ထက်စောစွာ ခန်းခြောက်သွားကြောင်း၊ လက်ရှိတွင် တိုင်းနှင့်ပြည်နယ် ၁၄ ခု လုံး ရေခက်ခဲမှု ကြုံနေရကြောင်းလည်း မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က ဧရာဝတီ ကို ပြောပြသည်။

“အဓိကရင်ဆိုင်နေရတဲ့ ဒေသတွေ၊ ကျနော်တို့ ရေပေးဝေနေရတဲ့ကျေးရွာ ၁၆၇ ရွာ ရှိပါတယ်။ ဒီ ၁၆၇ ရွာက ကျနော်တို ကိုယ်တိုင် ဝေရလို့ သိတာပါ။ တချို့ကျေးရွာက သူ့ဟာသူ လုပ်နေရတာတွေလည်း ရှိပါတယ်”ဟု ဦးခန့်ဇော်က ပြောသည်။

မြန်မာနိုင်ငံအတွင်း ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေး တိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် နေပြည်တော်တို့သည် အဓိက ရေရှားပါး ပြတ်လပ်နေသည့် နေရာများ ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွန်ကြားရေမှူး ဦးကျော်ဆွေက အယ်လ်နီညိုရာ သီဥတုကြောင့် မကွေးတိုင်း အတွင်းရှိ ကျေးရွာ ၂၅ ရွာ ရေပြတ်လပ်မှုများ ကြုံနေရကြောင်း၊ ရေပြတ်လပ်သည့် ကျေးရွာများကို ဌာနဆိုင်ရာနှင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်များ ပူးပေါင်း၍ ရေပေးဝေနေရကြောင်း ဧရာဝတီကို ပြောသည်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ရှိ ကျေးရွာ ၁၁ ရွာတွင် ရေပြတ်လပ်မှုများ ကြုံတွေ့နေရ သော်လည်း လက်ရှိအချိန်အထိ သက်ဆိုင်ရာက လာရောက်ကူညီ ဆောင်ရွက်ပေးခြင်း မရှိသေး၍ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရေ ပေး ဝေမှုများ ပြုလုပ်နေရသည်ဟု တောင်ရိုး စာပေ ယဉ်ကျေးမှု အသင်း ဗဟိုစည်းရုံးရေးမှူး ကိုအောင်ဆန်းက ပြောပြသည်။

“ရေခန်းနေတာ ပင်းတယမြို့နယ်မှာ ၇ ရွာ၊ ညောင်ရွှေမြို့နယ်မှာ ၄ ရွာပါ။ ရေရဖို့အတွက်က ကျနော်တို့ ရေကားတွေနဲ့ လိုက်ပို့နေ ရ တယ်။ ကိုယ့်ဟာကိုယ် ဖြေရှင်းနေရပါတယ်”ဟု ကိုအောင်ဆန်းက ဧရာဝတီကို ပြောသည်။

အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးနီးပါး ရေပြတ်လပ်မှုကို ကြုံတွေ့နေရသဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေမှ ကျပ် ၁၁၅ သန်းနှင့် နိုင်ငံတော် ထောက်ပံ့ ရန်ပုံငွေမှ ကျပ် ၁၁၁ သန်းကို မတ် ၃၁ ရက်အထိ သုံးစွဲခွင့်ပြုထားကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြောပြသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ခန့်မှန်းချက်အရ ယခုနှစ် နွေရာသီတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးရွာပေါင်း ၁,၇၀၀ ကျော် ရေရှားပါး ပြတ်လပ်မှုဒဏ် ခံစားရနိုင်ပြီး ယခု မတ်လအတွင်း ကျေးရွာ ၁,၀၀၀ ခန့် ရေပြတ်လပ်နိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

Loading