အန္တရာယ်များစွာ ကြုံတွေ့နေရသည့် ရန်ကုန်-နေပြည်တော်- မန္တလေး အမြန်လမ်းမကြီး အရည်အသွေး မြင့်တင်မှု အပါအဝင် တနိုင်ငံ လုံးရှိ အခြေခံ အဆောက်အဦများ၏ အရည်အသွေးပိုင်း ကောင်းမွန်စေရမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဖြစ်လာမည့် ဦးဝင်းခိုင်က ယနေ့ လွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများသို့ ပြောသည်။
ဦးဝင်းခိုင်က“ဆောက်လုပ်ရေး ကဏ္ဍကတော့ အရည်အသွေးပါပဲ။ အရည်အသွေးတွေ ကောင်းအောင် လုပ်ရမှာပေါ့။ Infrastructure ပိုင်းကောင်းအောင်ပဲ ဆောင်ရွက်မှာပါ။ လုပ်စရာတွေကလည်း အားလုံးသိတဲ့ အတိုင်းပဲ အများကြီး ရှိပါတယ်။ ဒါတွေကို ကျနော်တို့ အချိန်တိုအတွင်း လုပ်နိုင်ရင်တော့ ပြည်သူလူထုလည်း အချိန်တိုအတွင်းမှာ ခံစားရမှာ”ဟု ပြောသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဥက္ကဌနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတွင် ဒုတိယ ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးဝင်းခိုင်သည် ဦးထင်ကျော် ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးအပ်ခြင်း ခံရမည့်သူဟု သတင်းများ ထွက်ပေါ်လျက် ရှိသည်။
ဆောက်လုပ်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အင်ဂျင်နီယာအသင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းတို့က ပူးပေါင်းပါဝင်ရမည် ဖြစ်ပြီး နိုင်ငံတော် စီမံကိန်းကြီးများ ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာ အသင်းများ၏ အကြံပြုချက်များကို ရယူသွားမည်ဟု ဦးဝင်းခိုင်က ပြောသည်။
“ကျနော်အနေနဲ့ကတော့ အင်ဂျင်နီယာပိုင်းနဲ့ ပတ်သက်တာတွေ လုပ်ရမယ်လို့ ထင်တယ်။ မြန်မာပြည်မှာ Infrastructure ပိုင်းကတော့ အများကြီး လုပ်ရဦးမှာပါ။ အဲဒီအပိုင်းမှာ ကျနော်တို့တွေ နိုင်ငံတော်အတွက် အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်မှာပါ”ဟု ဦးဝင်းခိုင်က ပြောသည်။
သို့သော် လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိန်ခေါ်မှု များစွာ ရှိနိုင်သဖြင့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ အချိန် သတ်မှတ်၍ လုပ်ကိုင် ဆောင်ရွက်ရမည် ဖြစ်သဖြင့် အားလုံး ဝိုင်းဝန်းဆောင်ရွက်မှသာလျှင် အောင်မြင်နိုင်မည်ဟု သူက ယုံကြည်လျက် ရှိသည်။
“အရေးကြီးတာကတော့ နောင်ဆောင်ရွက်မယ့် လုပ်ငန်းတွေက အရည်အသွေးနဲ့ ပြည့်စုံဖို့ပေါ့”ဟု သူက ဆိုသည်။
ထို့ပြင် နိုင်ငံတော်၏ လိုအပ်ချက်အရ မြန်မြန်လိုအပ်သည့် ကိစ္စရပ်များကို မြန်မြန်ဆောင်ရွက်သွားမည် ဖြစ်ပြီး ရေရှည်လုပ်ဆောင်ရမည့် အလုပ်များကိုလည်း ရေရှည်ဆောင်ရွက်သွားမည်ဟု သိရသည်။
ဧရာဝတီက တိုင်းရင်းသား ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်ကဲ့သို့ ဆောင်ရွက်ရန် စဉ်စားထားသနည်းဟု မေးမြန်ရာ “ဒါက တော့ သာတူညီမျှဆိုတဲ့ ပေါ်လစီတွေလည်း ရှိပါတယ်။ တနေရာတည်းတင် ကောင်းဖို့ မဟုတ်ပါဘူး။ ဗမာတပြည်လုံးမှာရှိတဲ့ ဦးစားပေး လုပ်ငန်းတွေတော့ ရှိတာပေါ့။ မူလရည်ရွယ်ချက်ကတော့ သူသာစေ ကိုယ်နာစေတော့ မရှိပါဘူး”ဟု ပြန်လည် ဖြေကြားခဲ့သည်။
ယခုအခါ တိုင်းပြည်တွင် အခြေခံ အဆောက်အဦများမှာလည်း အထိုက်အလျောက် တိုးတက် ကောင်းမွန်နေပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် ထပ်မံ တိုးတက်အောင် ဆောင်ရွက်ရမည် ကိစ္စရပ်များ ရှိသကဲ့သို့ လုံခြုံစိတ်ချရသည့် အနေအထားမျိုး ဖြစ်အောင် ဆောင်ရွက်ရမည် ဖြစ် ကြောင်း ဦးဝင်းခိုင်က ပြောသည်။
ဦးဝင်းခိုင်သည် ၁၉၆၉ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ ရန်ကုန် စက်မှု တက္ကသိုလ်သို့တက်ရောက်ခဲ့ပြီး B.E (Mechanical) ဘွဲ့ ရရှိခဲ့သည်။ ၁၉၇၆ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ မြန်မာ့ ရေနံကော်ပိုရေးရှင်းတွင် တတိယ အင်ဂျင်နီယာ၊ ဒုတိယ အင်ဂျင်နီယာအဖြစ် တာဝန် ထမ်း ဆောင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှ ယနေ့အချိန်အထိ United Engineering ကုမ္ပဏီတွင် ဥက္ကဌနှင့် အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန် ယူထားသူတဦး ဖြစ်သည်။