မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင် လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများအား ဖမ်းဆီးမှုစီမံချက်ကို အရှိန်မြှင့် လုပ်ဆောင်လျက် ရှိရာ မြန်မာနိုင်ငံသားများလည်း ဖမ်းဆီးခံရမှုတွင် ပါဝင်နေကြောင်း သိရသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တဝိုက်ရှိ နိုင်ငံခြားသား အလုပ်သမားအများစု လုပ်ကိုင်နေသည့် ကုန်တိုက်များ၊ ဈေးဝယ်စင်တာ များ၊ စားသောက်ဆိုင်များ စသည့် နေရာများ၌ ယခုရက်ပိုင်းအတွင်း ဖမ်းဆီးမှု ဆက်တိုက်ရှိရာတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံ သား ဦးရေသည် နေ့စဉ် ဆယ်ဂဏန်း အထိ ရှိကြောင်း မလေးရှားရောက် မြန်မာများက ဧရာဝတီကို ပြောသည်။
ဖမ်းဆီးခံရသူဦးရေ များပြားလာသည်နှင့်အမျှ ထိန်းသိမ်းရေး စခန်းများတွင် လူဦးရေ ပိုမိုများပြားလာကြောင်း၊ ထို့အတူ ဖမ်းဆီးခံရ၍ ထိန်းသိမ်းရေး စခန်းများသို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အများအပြားကို အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ကွာလာလမ်ပူရှိ မြန်မာသံရုံးက စီစဉ်ဆောင်ရွက်ပေးနေကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။
မြန်မာသံရုံး၏ ပြောရေးဆိုခွင့်အဖွဲ့မှ ဒေါ်မေသူဖြူက“ဖမ်းဆီးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတာတွေကို မြင်နေ၊ ကြားနေရတော့ ကိုယ့်နိုင်ငံသားတွေ တခုခုဖြစ်မှာ စိုးရိမ်တဲ့အတွက် ကျမတို့သံရုံးက သတိပေးတဲ့အနေနဲ့ လူမှုကွန်ရက်ကတဆင့် အသိပေး ကြေညာ ထားတာပါ”ဟု ပြောဆိုသည်။
မလေးရောက် တရားမဝင် နိုင်ငံခြားသားများ တရားဝင် နေထိုင်ခွင့်ရရန် ပါမစ်များ လုပ်ဆောင်ပေးမည်ဟု မလေးရှားအစိုးရက ကြေညာ ခဲ့ကြောင်း၊ သို့သော် ထိုသို့လုပ်ဆောင်သူ အရေအတွက် နည်းပါးခြင်းကြောင့် ဖမ်းဆီးခြင်းလည်း ဖြစ်နိုင်ကြောင်း ခုနှစ်ရက် သားသမီး နာရေးကူညီမှု အသင်း (ကပုန်း) ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောသည်။
“တရားမဝင်တွေကို နိုင်ငံထဲမှာ သိပ်မထားချင်တော့တဲ့သဘောနဲ့ ဖမ်းဆီးတာလို့ ထင်ပါတယ်။ အဓိကတော့ အိုဗာစတေးသမားတွေက ပါမစ်မလုပ်မှာကို စိုးရိမ်တဲ့အတွက် ဖမ်းဆီးတာပါ။ အဲဒီလို ဖမ်းဆီးလိုက်ရင် လူတွေက ကြောက်လန့်ပြီး ပါမစ်တွေ လုပ်ကြမယ် ဆိုရင် အစိုးရအတွက်လည်း ဝင်ငွေရတာပေါ့”ဟုလည်း ၎င်းက ဆိုသည်။
မလေးရှားနိုင်ငံ၌ နေထိုင်လုပ်ကိုင်နေကြသည့် တရားမဝင်နေထိုင်သူများ ပါမစ်လျှောက်ထားရန် ကုန်ကျငွေသည် မလေးရှား ရင်းဂစ် ၄,၀၀၀ ဝန်းကျင်မှ ၇,၀၀၀ အကြားရှိပြီး၊ ပါမစ်လုပ်ကိုင်ရာတွင် အကျိုးဆောင်များ၏ လိမ်လည်မှုများ ရှိနေခြင်းကြောင့် အများစုက မလုပ်ဆောင်လိုကြကြောင်း သိရသည်။
မလေးရောက် မြန်မာများသည် ပါမစ်သက်တမ်းကုန်၍ လျှောက်ထားလျှင်ဖြစ်စေ၊ ပတ်စ်ပို့ စာအုပ်အသစ် လျှောက်ထားလျှင်ဖြစ်စေ၊ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားလက်မှတ် (C of I) လျှောက်ထားလျှင်ဖြစ်စေ၊ မြန်မာသံရုံး တာဝန်ရှိသူများက မြန်ဆန် စွာ ဆောင်ရွက်ပေးမှု မရှိကြောင်း၊ ထို့ကြောင့် မြန်မာအလုပ်သမား အများအပြားသည် Over Stay ဖြစ်သွားပြီး အဖမ်းခံရသူများ ရှိကြောင်း မလေးရောက် မြန်မာများက ပြောဆိုသည်။
ပတ်စ်ပို့ စာအုပ်ပျောက်ဆုံးသွား၍ အသစ်ပြန်လည် လျှောက်ထားသူတချို့သည် အချိန် ၅ လ ဝန်းကျင်အထိ ကြာမြင့်နေသော် လည်း ယနေ့အထိ မရသေးကြောင်း၊ ထိုသို့ ကြန့်ကြာမှုများကြောင့် အထောက်အထားမဲ့ ဖြစ်သွားပြီး ဖမ်းဆီးခံရသူများ ရှိနေကြောင်း ကွာလာလမ်ပူတွင် အလုပ်လုပ်ကိုင်နေသည့် ကိုဝင်းနိုင်က ပြောသည်။
မြန်မာသံရုံး အနေဖြင့် ထိန်းသိမ်းရေး စခန်းများ၌ ထိန်းသိမ်းခံနေရသူများ၊ ကျန်းမာရေး ချို့တဲ့နေသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လိုသူများကို သက်ဆိုင်ရာ အဖွဲ့များနှင့် ချိတ်ဆက်၍ ကူညီပေးနေကြောင်းလည်း မြန်မာသံရုံးက ထုတ်ပြန် ထား သည်။
မလေးရှားနိုင်ငံ၌ တရားဝင် မြန်မာနိုင်ငံသား ၁ သိန်း ၅ သောင်းဝန်းကျင် ရှိပြီး တရားမဝင် အလုပ်သမား သိန်းချီရှိကြောင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယား စသည့် နိုင်ငံ သားများလည်း ရှိကြောင်း ၂၀၁၄ ခုနှစ် သတင်း မှတ်တမ်းများအရ သိရသည်။