ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အသစ်တက်လာမည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသစ်နှင့် ဆက်လက် ချိတ်ဆက် ဆောင်ရွက်သွားမည်ဟု လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၈ ဖွဲ့က ပြောသည်။ အဆိုပါ ၈ ဖွဲ့သည် ဦးသိန်းစိန် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးခဲ့သော တိုင်းရင်းသား အဖွဲ့များ ဖြစ်ကြသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယခုလ ၂၄ ရက်နေ့မှ စတင်၍ သုံးရက်ကြာ ကျင်းပပြုလုပ်သည့် အပစ်ရပ် ၈ ဖွဲ့၏ ဒုတိယ အကြိမ်မြောက် ထိပ်သီးအစည်းအဝေး၏ ရှေ့လုပ်ငန်းစဉ်များထဲတွင် “အစိုးရသစ်နှင့် ချိတ်ဆက် ဆောင်ရွက်ရေးကိစ္စ” ဟု ပါရှိသည်ကို တွေ့ရှိရသည်။
ယင်းအစည်းအဝေး၏ ပြောခွင့်ရပုဂ္ဂိုလ် KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း က “အစိုးရသစ် တက်လာလို့ရှိရင် ငြိမ်းချမ်းရေး လုပ်မယ်ဆိုတာ သူတို့က ပွင့်ပွင့်လင်းလင်း ပြောထားပြီးသား။ ဘယ်လိုလုပ်မလဲ ဘယ်နည်းနဲ့ လုပ်မလဲ။ လွန်ခဲ့တဲ့ အစိုးရလုပ်သလို လုပ်မလား။ သူ့ရဲ့ဆောင်ရွက်မှု အသစ်လုပ်လို့ရှိရင် ကျနော်တို့က ဘယ်လို ချိတ်ဆက်ပြီး လုပ်မလဲဆိုတဲ့ ကိစ္စပေါ့” ဟု သတင်းထောက်များကို ပြောသည်။
အစိုးရသစ်၏ ငြိမ်းချမ်းရေး တည်ဆောက်မှု မူဝါဒ ပီပီပြင်ပြင် မသိရသေးသော်လည်း NLD အစိုးရသစ် တာဝန်ယူပြီးသည့် နောက်ပိုင်းတွင် ငြိမ်းချမ်းရေး တည်ဆောက်မှု၏ ဖြစ်စဉ်များကို ပြန်လည် သုံးသပ်ပြီး နိုင်ငံရေး ဆွေးနွေးမှုမှုဘောင်၊ ပါဝင်မည့် အစုအဖွဲ့၊ အချိုးအစားများကို ပြန်လည် ဆန်းစစ်မှုများ လုပ်ဖွယ်ရှိသည်ဟုဆိုသည်။
“ဒါပေမယ့် ဒီလိုလုပ်ဆောင်တဲ့ နေရာမှာ ကျနော်တို့ သဘောတူညီမှု ရှိထားတာက နိုင်ငံရေး တွေ့ဆုံဆွေးနွေးနွေးပွဲ အစုအဖွဲ့ အကုန်လုံးရဲ့ သဘောတူညီမှု လက်ခံရမယ်။ ဒုတိယ အချက်ကတော့ NCA ကို အခြေခံရမယ်။ ဒီခွင် အတွင်းမှာပဲ လုပ်ရမယ်။ ဒါကို ကျနော်တို့ ချိတ်ဆက်ပြီးတော့ လုပ်သွားမှာပေါ့” ဟု ပဒို စောကွယ်ထူးဝင်း က ဆက်ပြောသည်။
NLD က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလက ထုတ်ပြန်သည့် ပါတီ ကြေညာစာတမ်း၏ နံပါတ် ၁ နေရာတွင် “တိုင်းရင်းသား အရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး” ဆောင်ရွက်မည်ဟု ဖော်ပြထားသည်။
ပြည်ထောင်စုငြိမ်းချမ်ရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒု ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ကြိမ်တွေ့ဆုံမှုတွင် အစိုးရဟောင်း လက်ထက်တွင်လုပ်ဆောင်ခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တခုလုံးအား ပြန်လည် ဆန်းစစ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း ဝန်ကြီး ဦးအောင်မင်းက ဧရာဝတီနှင့် သီးသန့် အင်တာဗျူး တွင် ပြောဆိုထားသည်။
အစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တခုလုံးကို ဆန်းစစ်မည်ဆိုလျှင် ကူညီသွားမည်ဖြစ်ပြီး ၎င်းတို့ဆွေးနွေးခဲ့သော နိုင်ငံရေး မူဘောင်များသည်လည်း ပြင်သာပြောင်းသာရှိသည့် အနေအထားဖြစ်ကြောင်း ယနေ့ အစည်းအဝေး ပထမနေ့၏ အရံ သဘာပတိအဖြစ် ဆောင်ရွက်သော ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက သတင်းထောက်များကို ပြောသည်။
ဦးခွန်မြင့်ထွန်းက “အဓိက အချက်အနေနဲ့ကတော့ ဒီမူဘောင်တွေကို ကျနော်တို့ ရေးဆွဲခဲ့တာတွေဟာ အခြေအနေ အချိန်ကာလ အပေါ်မှာ မူတည်ပြီးတော့ ပြင်သာ၊ ပြောင်းသာ ဖြစ်ရမယ်။ flexibility ရှိရမယ်ဆိုတဲ့ အခြေခံပေါ်ကနေ ကျနော်တို့ သဘောတူ ထားတာဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ ညီနောင်များက သဘောမတူတဲ့ အချက်တွေ ရှိတယ်ဆိုရင်လည်းပဲ လက်မှတ်ထိုးပြီး NCA ဝိုင်းထဲကို ရောက်လာပြီဆိုရင်တော့ အဲဒီမှာဆွေးနွေးလို့ရပါတယ်” ဟု ပြောသည်။
ချင်းမိုင်မြို့တွင် ပြုလုပ်နေသော အပစ်ရပ် ၈ ဖွဲ့အစည်းအဝေး၏ ရှေ့လုပ်ငန်းစဉ်များတွင် အစိုးရသစ်နှင့် ချိတ်ဆက် ဆောင်ရွက်ရေး အပြင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး၊ NCA ကို လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) တို့ပါဝင် ကြောင်းသိရသည်။