ရန်ကုန်မြို့တွင်း တည်ဆောက်ပြီးစီးခဲ့သည့် ခုံးကျော်တံတားများသည် ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာများကို ထိရောက်စွာ ဖြေရှင်း ပေးနိုင်ခြင်း မရှိကြောင်း ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ပထမအကြိမ် ပုံမှန် အစည်းအဝေး ပဉ္စမနေ့တွင် ကိုယ်စားလှယ် များက ထည့်သွင်း ဆွေးနွေးသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းအပေါ် ဆွေးနွေးရာတွင် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ကိုယ်စားလှယ် ဦးရန်ရှင်းက ခုံးကျော်တံတား တည်ဆောက်ပြီးသည့် နေရာများတွင် ယာဉ်များတန်းစီလျက် တွေ့မြင် နေရဆဲ ဖြစ်ကြောင်း ပြောကြားသည်။
“ခုံးကျော်တံတား တည်ဆောက်ခြင်းဟာ ငွေကြေးကုန်ကျမှု များပြီး ကားကြပ်မှု ပြဿနာကို အပြည့်အ၀ ဖြေရှင်းပေးနိုင်ခြင်း မရှိပါဘူး”ဟုလည်း ဦးရန်ရှင်းက ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးတွင် ပြောဆိုသည်။
ယမန်နေ့က ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့သော ဆိတ်ကြီး၊ ခနောင်တို မဲဆန္ဒနယ် အမှတ် ၁ ကိုယ် စားလှယ် ဒေါ်စန္ဒ္ဒာမင်းက ဥက္ကဋ္ဌ အဖြစ် ဦးဆောင်သည့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေး ကော်မတီမှတင်သွင်းသည့် ဒေသန္တရ စီမံ ကိန်း ဥပဒေကြမ်းနှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် အစီရင်ခံစာ သုံးသပ်ချက်နှစ်ခုစလုံးတွင်လည်း ကမ္ဘာအေး ဘုရားလမ်းနှင့် ပါရမီ လမ်းဆုံ ခုံးကျော်တံတား နှင့် မြောက်ဥက္ကလာပ လမ်းဆုံ ခုံးကျော်တံတား ၂ စင်း တည်ဆောက်မှုကို ပြန်လည် စိစစ်သုံးသပ်ရန် ဖော်ပြထားသည်။
ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ(JICA) နှင့် မြန်မာအစိုးရတို့ ပူးပေါင်း အကောင်အထည်ဖော်မည့် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရေးဆွဲထားသည့် နှစ်ရှည် စီမံကိန်း အစီအစဉ်တွင် နှစ်ထပ်တံတားများ၊ မိုးပျံ တံတားများ စသည့် စီမံကိန်းများ ပါဝင်သည့်အတွက် တည်ဆောက်ပြီးသည့် ခုံးကျော်တံတားများနှင့် သဟဇာတ မဖြစ်နိုင်ကြောင်းလည်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။
“လာမယ့် အစိုးရသစ် လက်ထက်မှာ နောက်ထပ် ခုံးကျော်တံတားတွေ ထပ်မဆောက်ဖို့ ကျမတို့ ထောက်ပြ ဆွေးနွေးတာ ဖြစ်ပါတယ်။ ခုံးကျော်တံတားဆိုတာ ရေတိုမှာ ကားကျပ်တာကို ဖြေရှင်းတာ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။ ဒါပေမယ့် ရေရှည်ကို ကြည့်ရင် နိုင်ငံတော် အတွက် ငွေကြေး နှစ်ခါကုန်တာ ဖြစ်မယ်”ဟုလည်း ဒေါ်စန္ဒာမင်းက ပြောသည်။
ယနေ့ ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးတင်ပြခဲ့သည့် မင်္ဂလာတောင်ညွှန်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဦးရန်အောင်ကလည်း ပြည်သူ့ ဘဏ္ဍာများကို စနစ်တကျ အသုံးပြုရန် လိုအပ်နေပြီ ဖြစ်ကြောင်း ပြောကြားသည်။
“မဟာရန်ကုန် စီမံကိန်းမှာ နှစ်ထပ် တံတား ဆောက်တဲ့အခါ ဒီဟာတွေက သဟဇာတ မဖြစ်လို့ ဖြိုချတာတွေ ဖြစ်လာမယ်ဆိုရင် အဲဒီ ခုံးကျော်တံတားတွေက ပြည်သူတွေရဲ့ ချွေးနှဲစာနဲ့ ကုန်ကျငွေတွေပါ။ အဲဒါကြောင့် ဒီငွေတွေကို စနစ်တကျနဲ့ သုံးစွဲတတ်ဖို့တော့ လိုတယ်”ဟု ဦးရန်အောင်က ပြောသည်။
ဦးသိန်းစိန် အစိုးရလက်ထက် ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းရန် ကျပ် ၁၃၀ ဘီလီယံကျော်အကုန် အကျခံပြီး ခုံးကျော်တံတား ၇ စင်း တည်ဆောက် ဖြေရှင်းပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
ယင်းခုံးကျော်တံတားများထဲမှ ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်ခြင်းကို ၂၀၁၂-၂၀၁၃ နှင့် ၂၀၁၃- ၂၀၁၄ ခုနှစ် ဘဏ္ဍာရေး နှစ် ၂ နှစ်တွင် ခွင့်ပြုငွေစုစုပေါင်း ကျပ် သန်း ၁၇၄၄၁ သန်းခွင့်ပြုပေးခဲ့ပြီး လှည်းတန်း ခုံးကျော်တံတား တည်ဆောက်မှု လုပ်ငန်းများ အတွက် ခွင့်ပြုငွေ ကျပ် သန်း ၁၄၄၈၇ သန်းဖြင့် ရွှေတောင်ဖွံ့ဖြိုး တိုးတက်မှု ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက် ခဲ့ကြောင်း စုံစမ်း သိရှိရသည်။