မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ ကမ်းနားလမ်း၊ မန်းစည်ပင်အငှားအိမ်ရာ တိုက်ခန်းမဲပေါက်သူများအား (မတ်လ ၂၉၊ ၃၀၊ ၃၁) ရက်များတွင် တိုက်ခန်းငှားစာချုပ်များပြုလုပ်ကာ တိုက်ခန်းပေးအပ်သွားမည်ဖြစ်ကြောင်း မန်းစည်ပင်မှ သတင်း ထုတ်ပြန်သည်။
မတ်လ ၇၊ ၈ ရက်များက ကမ်းနားလမ်းရှိ၊ နှင်းဆီအိမ်ရာစီမံကိန်း ရှင်းလင်းဆောင်တွင် ကမ်းနားလမ်းရှိ ကျူးကျော်နေထိုင် သူများအား မဲနှိုက်နေရာချထားပေးခဲ့ခြင်းဖြစ်ပြီး မဲပေါက်သူများအား တိုက်ခန်းပေးအပ်သွားမည့် အစီအစဉ်ကို သတင်း ထုတ်ပြန်ခြင်းဖြစ်သည်။
တိုက်ခန်းစာချုပ်ချုပ်ဆိုရန် လာရောက်သူများအနေဖြင့် တိုက်ခန်းမဲနှိုက်စဉ်က ထုတ်ပေးခဲ့သော တိုက်ခန်းငှားရမ်းခွင့်ပြု လက်မှတ်(အစိမ်းရောင်) မူရင်းစာရွက်နှင့် မှတ်ပုံတင်မူရင်းများ ယူဆောင်လာရန် လိုအပ်ပြီး တိုက်ခန်းငှားရမ်းခများကို စာချုပ်ချုပ်ဆိုသည့်နေ့တွင် တပါတည်းပေးသွင်းရမည်ဖြစ်ကြောင်း မန်းစည်ပင်မှ နှိုးဆော်ထားသည်။ တိုက်ခန်းငှားရမ်းခ တလ(သုံးသောင်းကျပ်)အား လစဉ် ကောက်ခံသွားမည်ဖြစ်ကြောင်း မန်းစည်ပင်တာဝန်ရှိသူတဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် ဆောက်လုပ်ထားသည့် အဆိုပါ တန်ဖိုးနည်း အငှားတိုက်ခန်းအရေအတွက်မှာ အခန်းပေါင်း ၁၅၈၄ ခန်းရှိပြီး မဲနှိုက်ခွင့်ရသူ ၁၂၀၆ဦး ရှိသည့်အတွက် မဲနှိုက်ရန် ကျန်ရှိနေသည့် တိုက်ခန်းသုံးရာကျော် အတွက် ငှားရမ်းခွင့်လျှောက်လွှာများကို ဧပြီလတွင် ထပ်မံလက်ခံသွားမည်ဖြစ်ကြောင်း မန်းစည်ပင်အတွင်းရေးမှူး ဦးခင် မောင်တင်က မတ်လ၇ရက်နေ့က မီဒီယာများသို့ ဖြေကြားထားသည်။
တိုက်ခန်းမဲပေါက်သည့် ကျူးကျော်များအနေဖြင့် တိုက်ခန်းစာချုပ်ချုပ်သည့်နေ့တွင် ၎င်းတို့နေထိုင်လျက်ရှိသည့်အဆောက် အအုံများကို ၎င်းတို့အစီအစဉ်ဖြင့် ဖယ်ရှားပေးရမည်ဖြစ်ကြောင်း စည်ပင်မှှ သတိပေးချက်ထုတ်ပြန်ထားသည်။
မန္တလေးမြို့၊ အနောက်တောင်ဘက် ရှမ်းကလေးကျွန်းမှှ အနောက်မြောက်ဘက် ညောင်ပင်ဝန်းအထိ ကျူးကျော်နေထိုင် သည့် အိမ်ထောင်စုပေါင်း ရှစ်ထောင်ဝန်းကျင်ရှိနိုင်ကြောင်း ခန့်မှန်းချက်များအရ သိရသည်။