အစိုးရအသုံးစရိတ် ဘဏ္ဍာငွေခွဲဝေရာ၌ အမျိုးသမီးများ၏ လတ်တလောနှင့် ရေရှည်လိုအပ်ချက်များကို ဦးတည်ထောက်ပံ့မှု နည်းပါးနေသေးကြောင်း မြန်မာနိုင်ငံ၏ ကျား၊ မ ရေးရာ အလေးပေးသော ဘတ်ဂျက် ရသုံးမှန်းခြေ လေ့လာခြင်း သုတေသန အစီရင်ခံစာ တွင် ဖော်ပြထားသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ ရသုံးမှန်းခြေ ဘဏ္ဍာငွေရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၌ အမျိုးသားများသာ ဦးဆောင်နေပြီး အမျိုးသမီး အနည်းငယ် ပါဝင်နေသည့်အပြင် အမျိုးသမီးများသည် လူမှုရေးကဏ္ဍများ၌ သိသာသာသာ ကိုယ်စားပြုခွင့်မရခြင်းနှင့် တရားဝင် ဆုံးဖြတ်ပိုင်ခွင့် အလွန်နည်းပါးနေသည်ဟုလည်း မတ်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ထိုအစီရင်ခံစာတွင် ဆက်လက်ဖော်ပြ ထား သည်။
အစီရင်ခံစာသည် အဓိကအားဖြင့် နိုင်ငံရေး လေ့လာသုံးသပ်သူများ၊ လွှတ်တော် ကိုယ်စားလှယ်များ အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး ထုတ်ဝေခြင်းဖြစ်ကြောင်း Oxfam အဖွဲ့မှ ကျား၊ မ မူဝါဒရေးရာ အကြံပေး ဒေါ်ပိုးအိဖြူက ဧရာဝတီကို ပြောသည်။
“အဓိကတော့ ကျား၊ မ ရေးရာ ဘတ်ဂျက်ကို မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ဖို့ပါ။ ရရှိမယ့် အကျိုးကျေးဇူးက အစိုးရနဲ့ပြည်သူ ပူးပေါင်းလက်တွဲပြီးလုပ်တဲ့ လုပ်ငန်းတွေ ပိုဖြစ်လာမယ်။ ပြည်သူနဲ့ အစိုးရကြားမှာ နားလည်မှု ပိုလာမယ်။ ကျား၊မရေးရာ မညီမျှမှုကို လျော့ကျပေးလာမယ်”ဟုလည်း ဒေါ်ပိုးအိဖြူက ဆိုသည်။
အမျိုးသမီးများ၏ ဘတ်ဂျက်အသုံးပြုလိုမှုသည် ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ ၂ခုကို ဦးစားပေးစေလိုသည့် အပြင် အမျိုးသမီးများ အကြမ်းဖက်မှု ကာကွယ်ရန်အတွက် ဘတ်ဂျက်အများအပြား အသုံးပြုစေလိုသည်ဟုလည်း အစီရင်ခံစာ၌ ပါရှိသည်။
ထိုအစီရင်ခံစာကို ActionAid၊ CARE၊ အမျိုးသမီးအဖွဲ့ကွန်ရက် (WON) နှင့် Oxfam တို့က ပူးပေါင်းပြုစုထားခြင်းဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသ (၆) ခု ဖြစ်သည့် ကချင်၊ ကယား၊ မွန်၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် သွားရောက်မေးမြန်းလေ့လာပြီး ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
ကျား၊မ ရေးရာ ဘတ်ဂျက်ခွဲဝေမှုနှင့် ပတ်သက်ပြီး ကျား၊မရေးရာ တန်းတူညီမျှ ရေးကွန်ရက်မှ ကော်မတီအဖွဲ့ဝင် ဒေါ်နန်းဖြူဖြူလင်း က“ Gender လှုပ်ရှားတဲ့ သူတယောက်အနေနဲ့ Gender ဘတ်ဂျက်က တကယ်ကို လိုအပ်ပါတယ်။ အမျိုးသမီးတွေရဲ့ဘဝ လုံးဝပြောင်းလဲအောင် လုပ်ပေးနိုင်မယ့် ဝန်ဆောင်မှုတွေပါ။ ကမ္ဘာပေါ်မှာ တွေ့ရှိခဲ့တဲ့ သက်သေတွေအရ ဒီကိစ္စရပ်တွေအပေါ် ငွေကြေး အသုံးပြုလိုက်တဲ့ အတွက် မွေးဖွားမိခင် သေဆုံးမှုနှုန်း လျှော့ချပေးနိုင်တယ်”ဟု ပြောသည်။
အစိုးရသစ်အနေဖြင့် ဘတ်ဂျက်ကို ပွင့်လင်းမြင်သာအောင်ချပြပြီး အမျိုးသမီးများနှင့် ဆွေးနွေးတိုင်ပင်ရန် ပိုမိုအကျိုးရှိ၍ အများပြည် သူ ကို ကိုယ်စားပြုသည့် ကျား၊မ ရေးရာ အလေးပေးသည့် ဘတ်ဂျက်အဖြစ် ရေးဆွဲပေးရန် ထိုအစီရင်ခံစာတွင် အကြံပြု ရေးသား ထား သည်ကိုလည်း တွေ့ရသည်။