ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအား လုပ်ဆောင်ရာ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ရခိုင် အမျိုးသားပါတီ (ANP) တို့ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်အမျိုးသားပါတီ (ANP) မှ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ နေပြည်တော်၌ မတ်လ ၂၄ ရက်နေ့က တွေ့ဆုံစဉ် ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ အတူတကွ ပူးပေါင်း ဆောင်ရွက်ကြရန် အလွတ်သဘော ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ပါဝင်ဆွေးနွေးခဲ့သူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဧရာဝတီသို့ ပြောသည်။
ဦးဖေသန်းက “ပြည်နယ်အစိုးရကို NLD ပါတီက ဦးဆောင်ဖွဲ့စည်းမှာ ဖြစ်ပြီးတော့ ANP ပါတီဝင်တွေ၊ ပြင်ပက ပညာရှင်တွေနဲ့ ဖွဲ့စည်းသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့ပါတယ်၊ ANP ကိုယ်စားလှယ်တွေ ဘက်ကတော့ ပြည်နယ်အစိုးရ ဖွဲ့စည်းရေးကို အဓိက မဆွေးနွေးခဲ့ပါဘူး” ဟု ဆိုသည်။
ပြည်နယ်အစိုးရ ဖွဲ့စည်းရေးအတွက် ANP ပါတီမှ တာဝန်ပေးထားသည့် ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၊ အတွင်းရေးမှူး အဖွဲ့မှ ဦးထွန်းအောင်ကျော်၊ ဦးသာထွန်းလှတို့ ၃ ဦးအား တာဝန်ပေးထားပြီး လာမည့် သီတင်းပတ်တွင် NLD မှ တာဝန် ပေးမည့်သူများနှင့်တွေ့ဆုံ ဆွေးနွေးသွားရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၊ စီပွားရေး စီမံကိန်းများကိုလည်း အစိုးရအဖွ့ဲ ဖွဲ့စည်း တာဝန် ထမ်းဆောင်ချိန်တွင် အတူတကွ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကိုပါ ဆွေးနွေးခဲ့ကြကြောင်း ဦးဖေသန်းက ပြောသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဝန်ကြီးချုပ် တာဝန်အား NLD ၏ ရခိုင်ပြည်နယ် ဥက္ကဋ္ဌနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးညီပုကို ခန့်အပ်သွားမည်ဖြစ်ကြောင်း NLD ဗဟိုအဖွဲ့ဝင် ဦးဝင်းထိန်က ဆွေးနွေးပွဲ အပြီးတွင် သတင်းထောက်များကို ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်သည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ၊ စီးပွားရေး စီမံကိန်းများနှင့် ပတ်သက်၍ အငြင်းပွားမှုများ စသည့် ပြဿနာများကို ဖြေရှင်းရမည်ဖြစ်၍ ANP ဖြစ်စေ၊ NLD ဖြစ်စေ သီးသန့် ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် အတူအကွ ပူးပေါင်းဆောင်ရွက် ဖြေရှင်းမှသာ အဆင်ပြေမည် ဖြစ်ကြောင်း တွေ့ဆုံပွဲ၌ ပါဝင် ဆွေးနွေးခဲ့သည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။
ပြည်နယ် အစိုးရဖွဲ့စည်းရာတွင် ရခိုင်ပြည်နယ်၌ အမတ်နေရာ အများဆုံး ရရှိထားသည့် ANP ပါတီမှ ဝန်ကြီးချုပ် ခန့်အပ်၍ ပြည်နယ် အစိုးရအား ဦးဆောင်ဖွဲ့စည်းခွင့် ရရေးအတွက် စစ်တွေမြို့၌ မတ်လ ၂၃ ရက်နေ့ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားခဲ့သေးသည်။
ပြည်နယ်အစိုးရ ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ဆန္ဒပြ တောင်းဆိုမှုများ ရှိသော်လည်း၊ NLD ပါတီ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း ဆောင်ရွက်မည်ဖြစ်ပြီး ၎င်းတို့ပါတီကသာ ဦးဆောင်ဖွဲ့စည်းသွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် လွှတ်တော်၌ ANP မှ ၂၃ ဦး၊ NLD မှ ၉ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၃ ဦးနှင့် စစ်တပ် ကိုယ်စားလှယ် ၁၂ ဦး ရှိသည်။