မန္တလေး ကုန်းဘောင်ပြတိုက်ကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ် အဖြစ် ကျပ်သန်း ၂ သောင်း အကုန်ကျခံ ဆောက်လုပ်မည်ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။
မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက “ဒီလိုပြတိုက်ဟာ မြန်မာပြည်မှာလည်း မရှိသေးသလို မန္တလေးမှာလည်း ပထမဆုံးပဲ။ ပြောရရင် မန္တလေးတိုင်းအတွက် ပြယုဂ်တခုအဖြစ် ပြသနိုင်အောင်ပါ။ ပြတိုက်ရောက် တာ နဲ့ မန္တလေးတိုင်း တတိုင်းလုံးကို ရောက်သွားသလို ခံစားရအောင် လုပ်သွားမယ်”ဟု ပြောသည်။
မန္တလေး ကုန်းဘောင်ပြတိုက်ကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေး စီမံကိန်း၏ တောင်ဘက်၊ မနော်ဟရီ လမ်း နှင့် ငုဝါလမ်းကြား၊ ၇၃ လမ်းပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ထိုစီမံကိန်းကို မတ်လ ၂၅ ရက်တွင် ပန္နက်ရိုက်မည်ဖြစ်ပြီး တည်ဆောက် ရေး ကာလကို ၃ နှစ် သတ်မှတ်ထားကြောင်း သိရသည်။
ထိုပြတိုက်တွင် မန္တလေးတိုင်းအတွင်းရှိ မန္တလေးခရိုင် အပါအဝင် မြို့နယ် ၂၃ ခု၏ ကိုယ်စားပြု ပြခန်းများ ပါဝင်မည်ဖြစ်ပြီး အဓိက အားဖြင့် ဒေသအလိုက် နာမည်ကျော်သည့် သမိုင်းဖြစ်စဉ်၊ အဆောက်အအုံ၊ စီးပွားရေး လုပ်ငန်းများကို ပြခန်းများအဖြစ် ထည့်သွင်းပြသမည်ဟု ဦးသက်နိုင်ထွန်းက ပြောသည်။
မန္တလေး ကုန်းဘောင်ပြတိုက်တွင် ဥပမာအားဖြင့် ကျုံးမြို့ရိုးနှင့် နန်းတော် ပါဝင်မည့် မန္တလေးမြို့ပြခန်း၊ မိုးကုတ်မြို့၏ အထင်ကရ ပတ္တမြားနှင့် ကျောက်မျက် တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် ပုံစံပြခန်း၊ ကျောက်စိမ်း ကျောက်ဖြတ် လုပ်ငန်းများ၊ ပုဂံ ဒေသ ၏ အထင်ကရ သမိုင်းဝင် အဆောက်အအုံများ၊ ယဉ်ကျေးမှုနှင့်သမိုင်း အထောက်အထားများ ပါဝင် တည်ဆောက်မည်ဟု သိရှိ ရသည်။
ပြတိုက်ဆောက်လုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး အဆောက်အအုံ ၃ ထပ် ပါဝင်မည့် ကုန်းဘောင်ပြတိုက်အား စည်ပင်ပိုင် မြေနေရာ ၁၁ ဧကခွဲပေါ်တွင် ပုဂ္ဂလိက ကုမ္ပဏီဖြစ်သော ချမ်းဟိန်း သံနှင့်ဆောက်လုပ်ရေး ကုမ္ပဏီက ငွေကြေးနှင့် နည်းပညာများ ရင်းနှီးစိုက်ထုတ်သွားမည်ဖြစ်ပြီး အကျိုးအမြတ်ကို မန္တလေးမြို့တော်စည်ပင်က ၆၈ ရာခိုင်နှုန်း၊ ချမ်းဟိန်းကုမ္ပဏီက ၃၂ ရာခိုင်နှုန်းဖြင့် စာချုပ် ချုပ်ဆိုခဲ့ကြောင်း မန်းစည်ပင် တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။
“မန္တလေးကုန်းဘောင် ပြတိုက်” တည်ဆောက်ရေး စီမံကိန်းနှင့် ပတ်သက်ပြီး သမိုင်းနှင့် ယဉ်ကျေးမှု စာပေများ ရေးသားနေသည့် စာရေးဆရာ ဆူးငှက်က “နာမည်ပေးထားတာကိုက ကုန်းဘောင်ဆိုပြီး အကြီးကြီးပေးထားတာပါ၊ ဒီအတွက် မန္တလေးကုန်းဘောင် ခေတ်ကြီးတခုလုံးကို ကိုယ်စားပြုတဲ့ ပြခန်းမျိုးပဲ ဖြစ်သင့်ပါတယ်။ ကျောက်စိမ်း၊ ကျောက်မျက်လောက်ကိုပဲ အဓိကထား ပြမယ် ဆိုရင်တော့ ကျောက်စိမ်း ပရိုမိုးရှင်းပဲ ဖြစ်သွားမှာပေါ့”ဟု ပြောဆိုသည်။
ထိုစီမံကိန်း လုပ်ကိုင်ခွင့်ရသည့် ချမ်းဟိန်းကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်ဟိန်းက “ကျနော်တို့ဆီက လူငယ်တွေမှာ ရှေးသမိုင်းတွေကို သေချာသိပ်မသိကြတော့ဘူး။ လူငယ်တွေ သမိုင်းကို သိလာအောင်ရယ်၊ ပြီးတော့ နိုင်ငံခြားသားတွေက ဒီလိုမျိုးဆို သိပ်စိတ်ဝင်စားကြတယ်။ နောင်ဆို ဒီကိုလာချင်လို့ မန္တလေးကိုလာတဲ့ ပုံစံဖြစ်အောင် လုပ်သွားမှာ။ ကုန်းဘောင်အစ မန္တလေးကဖြစ် တဲ့ အတွက် ဒီနာမည်လေး ပေးဖြစ်တာပါ”ဟု ပြောသည်။
ရရှိလာမည့် အကျိုးအမြတ် ခွဲဝေမှုအရ စီမံကိန်းမြေ ၄ ဧကကျော်ကို ကုမ္ပဏီက ရရှိမည်ဖြစ်ရာ ၎င်းမြေနေရာတွင် ချမ်းဟိန်းကုမ္ပဏီ က ကြယ်လေးပွင့် အဆင့်ရှိ ဟိုတယ် ဆောက်လုပ်သွားရန် အစီအစဉ် ရှိသည်ဟုလည်း ဦးကျော်ဟိန်းက ဆက်ပြောသည်။
ကုန်းဘောင် ခေတ်သည် မင်းဆက် ၁၁ ဆက် ရှိရာ အလောင်းမင်းတရား (ဦးအောင်ဇေယျ) (နန်းစံ ၁၇၅၂ -၁၇၆၀) မှစတင်ပြီး သီပေါမင်း (နန်းစံ ၁၈၇၈-၁၈၈၅)အထိ ဖြစ်ကြောင်း သိရသည်။