သတင်း

ငြိမ်းချမ်းရေးရရန် တပ်မတော် အခန်းကဏ္ဍ အရေးကြီးဟု နိုင်သက်လွင် ပြော

This article has been converted from Zawgyi One to Unicode

အစိုးရသစ်တွင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဖြစ်လာနိုင်သည့် နိုင်သက်လွင်က ငြိမ်းချမ်းရေး ရရှိရန် တပ်မတော်၏ အခန်းကဏ္ဍက အရေးအကြီးဆုံး ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

“လက်ရှိ စစ်ဘေးဒုက္ခသည် ပြဿနာတွေကလည်း ငြိမ်းချမ်းရေးရပြီးမှ ပိုဆောင်ရွက်တာကောင်းတယ်။ အဓိကကတော့ ငြိမ်းချမ်းရေးရဖို့ တပ်မတော်က အရေးကြီးဆုံး အခန်းကဏ္ဍမှာ ပါနေတယ်” ဟု နိုင်သက်လွင်က ဧရာဝတီသို့ ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ကမ်းလှမ်းခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်သက်လွင်က “ကျနော့်ကို တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ကမ်းလှမ်းခဲ့တာ ငြိမ်းချမ်းရေး လိုချင်ကြလို့ပဲ။ တိုင်းရင်းသားတွေ အချင်းချင်း ညီညွှတ် ဖို့ရယ်၊ ငြိမ်းချမ်းရေးရဖို့ရယ်နဲ့ တိုင်းရင်းသား အခန်းကဏ္ဍတွေကို ဆောင်ရွက်နိုင်ဖို့ တာဝန်ပေးအပ်တယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

တိုင်းရင်းသားရေးရာ ဝန်ကြီး ဖြစ်လာလျှင် ဦးစားပေးမည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်း နိုင်သက်လွင်က “တိုင်းရင်းသားရေးရာ ဝန်ကြီးအနေနဲ့ စလုပ်မယ်ဆိုရင် ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကိုပဲ စပြီးတော့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကျနော့်ဝန်ကြီးဌာနက အသစ်လည်း ဖြစ်တယ်လေ။ ဖွဲ့စည်းပုံကလည်း ဘာမှ မရှိသေးတဲ့အတွက် ဘာတွေ လုပ်ရမလဲ၊ ဘာတွေကိုင်ရမလဲ ဆိုတာကတော့ ဒီဌာနကို အတည်ပြုပြီးတော့မှပဲ ကျနော်တို့အနေနဲ့ ပြောလို့ရမှာ” ဟု ဆက်လက် ပြောကြားသည်။

နိုင်သက်လွင်သည် မွန်လူမျိုး ဖြစ်ပြီး မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ လက်ပံကျေးရွာ ဇာတိ ဖြစ်ကာ ၁၉၇၀ တွင် ဒဿနိကဗေဒဖြင့် ဘွဲ့ရရှိခဲ့သည်။ ၁၉၆၁ ခုနှစ်မှ စ၍ မွန်တိုးတက်ရေးပါတီနှင့် မွန်တပ်ဦးတို့တွင် ပါဝင်ခဲ့ပြီး ၈၈ အရေးအခင်းတွင်လည်း မွန်အမျိုးသားများကို ဦးဆောင်ခဲ့သည်။ လက်ရှိ မွန်အမျိုးသားပါတီ ဒု ဥက္ကဋ္ဌ ဖြစ်သည်။

Loading