၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် လမ်း၊ တံတား ဘတ်ဂျက် ပိုတောင်းမှုများရှိဟုဆို
This article has been converted from Zawgyi One to Unicode
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် လမ်း၊ တံတား တည်ဆောက်ရန် ကြိုတင်တောင်းခံထားသည့် ဘတ်ဂျက်များတွင် ငွေကြေး ပိုမို တောင်းခံမှုများ ရှိနေကြောင်း သိရသည်။
ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်း လွှတ်တော်တွင် စမ်းချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ ကိုယ်စားလှယ် ဦးသော်တာအောင် က တင်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ပထမအကြိမ် ပုံမှန် အစည်းအဝေး(ဆဌမနေ့)နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွက် ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးရာ ဦးသော်တာအောင်က ထည့်သွင်း ဆွေးနွေးခြင်းလည်း ဖြစ်သည်။
“အမှန်တကယ် လိုအပ်တဲ့ အတိုင်းအတာထက် ပိုပြီး ရန်ပုံငွေ တောင်းခံတာကို တွေ့ရပါတယ်။ ကျနော့်မြို့နယ် စမ်းချောင်းမှာ ပေ ၁၂၅၀ ခင်းမယ်လို့ တင်ပြထားတဲ့ လမ်းကို ပြင်ဆင်ဖို့ တင်ပြတဲ့အခါမှာ ပေအကျယ် ၂၇ ပေလို့ ပြပါတယ်။ ကျနော်တကယ် သွားရောက် တိုင်းတာတဲ့အခါမှာ တကယ်လက်တွေ့ အများဆုံး ခင်းနိုင်မယ့် အကျယ်ဆုံးနေရာက ၂၂ ပေပဲ ရှိပါတယ်။ ဒီလို ပိုမိုတောင်းခံ တာတွေ တွေ့ရပါတယ်”ဟု ဦးသော်တာအောင်က ပြောသည်။
ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီသို့ ကိုယ်စားလှယ်များ တင်ပြချက်များတွင်လည်း မလိုအပ်ဘဲ လမ်း၊ တံတား တည်ဆောက်ခြင်း၊ ဘတ်ဂျက်မတင်ပြခင် ကြိုတင်ခင်းကျင်းထားခြင်း၊ ဘတ်ဂျက် ရရှိပြီး လုပ်ငန်း အကောင်အထည် မဖော်ခြင်း စသည်တို့ အများဆုံး တင်ပြကြောင်း ကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျကလည်း ဧရာဝတီ ကို ပြောပြသည်။
“ကော်မတီကို တင်ပြတဲ့ ကိုယ်စားလှယ်တွေရဲ့ တင်ပြချက်တွေထဲမှာ အဲဒါတွေ အများဆုံး ပါတယ်။ တချို့လမ်းတွေဆို ခင်းပြီးနေပြီ။ ခင်းတုန်းက ဘယ်လို အစီအစဉ်နဲ့ ခင်းလဲ မသိဘူးပေါ့။ သူတို့ စုပေါင်းပြီး ခင်းတာလည်း ဖြစ်ချင်ဖြစ်မယ်။ စိုက်ထုတ်ပြီး ခင်းချင်လည်း ခင်းထားမယ်။ ဘယ်လိုနည်းနဲ့ ခင်းခင်း ဒီဘဏ္ဍာနှစ်မှာ ငွေထပ်တောင်းတယ်ဆိုရင် ကျနော်တို့က အဲဒီကိစ္စတွေကို တင်ပြမှာပါ”ဟု လည်း ဦးကျော်ဇေယျက ဆိုသည်။
မလိုအပ်ဘဲ ဘတ်ဂျတ်တောင်းခံမှုများကို လုပ်ဆောင်နေခြင်းသည် ပြည်သူ့ဘဏ္ဍာများစွာကို အလေအလွင့် ဖြစ်စေပြီး ပြန်လည် စိစစ်ရန် လိုအပ်ကြောင်း ထန်းတပင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦး ကလည်း ပြောသည်။
“ပြည်သူ့ဘဏ္ဍာတွေ အရမ်း အလေအလွင့် ဖြစ်နေတာပေါ့နော်။ ဒါတွေကို ပြန်လည်စိစစ်ပြီး လိုအပ်တဲ့နေရာမှာ ပြောင်းလဲသုံးစွဲဖို့ လိုတယ်”ဟု ဦးအောင်ဘုန်းကျော်စံဦးက ဆိုသည်။
လာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အတွက် ရန်ပုံငွေ တောင်းခံနေဆဲ ဖြစ်သော်လည်း သင်္ဃန်းကျွန်း မြို့နယ် စံပြစီမံကိန်း ရပ်ကွက်ရှိ စံပြ (၈) လမ်း၊ သုဝဏ္ဏ (၂၉) လမ်းတို့မှာ ခင်းထားပြီး ဖြစ်ကြောင်း ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းအပေါ် ကော်မတီ၏ တင်ပြ သုံးသပ်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
လာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး၏ စုစုပေါင်း အသုံးစရိတ်မှာ (သာမန်နှင့် ငွေလုံးငွေရင်း) ကျပ် သန်းပေါင်း ၃၃၆၂၁၈ ဒသမ ၅၇ ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ကျပ် သန်းပေါင်း ၂၁၄၁၂ သုံးစွဲရန် လျာထားကြောင်း လည်း ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် သုံးသပ်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။
လမ်း၊ တံတား တည်ဆောက်ခြင်းအတွက် သုံးစွဲရန် ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ ငွေလုံး ငွေရင်း အသုံးစရိတ် တောင်းခံထားမှုအခြေအနေမှာ စုစုပေါင်း ကျပ်သန်း ၁၇၁၇၄ တောင်းခံထားကြောင်း အစီရင်ခံစာ၌ ပါရှိသည်။
လမ်းဦးစီးဌာနအနေနှင့် ယင်းငွေများကို တောင်ပိုင်းခရိုင် အတွင်း လမ်း၊ တံတား တည်ဆောက်ရန် အတွက် ကျပ်သန်း ၄၀၀၉ နှင့် မြောက်ပိုင်း ခရိုင် အတွက် ကျပ်သန်းပေါင်း ၁၃၁၆၅ သုံးစွဲရန် လျာထားသည်ဟု ဆိုသည်။
ယင်းတောင်းခံမည့် ငွေထဲမှ အများဆုံး အသုံးပြုမည့် လမ်းအပိုင်းမှာ ထန်းတပင် – လမုတန်း – ကျူတော လမ်းအတွက် ကွန်ကရစ် လမ်းခင်းခြင်း၊ ကွန်ကရစ်တံတား ၉ စင်း တည်ဆောက်ခြင်း တို့အတွက် ကျပ်သန်းပေါင်း ၈၇၂၇ သုံးစွဲရန် ထည့်သွင်းတောင်းခံ ထား ကြောင်း သိရသည်။